myaelatt athan

Sharing Information to the Local

လုံခြုံရေးယူတဲ့စစ်ကြောင်းကိုတိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်း

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံး

ငဖဲ၊ မေ ၁၊ ၂၀၂၅။

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း အမ်း-ပဒါန်းလမ်းပိုင်းမှာ လုံခြုံရေးယူလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ရာ ၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းခဲ့တယ်လို့ Chin Defence Force – Asho ဆီက သိရပါတယ်။

အဆိုပါ အင်အား ၂၀ ကျော်ပါ ကပစ ၁၃ ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဧပြီ ၃၀ ရက် မနက် ၈ နာရီက စတင်တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်ချိန် မိနစ် ၃၀ ကြာခဲ့တယ်လို့ ဆိုပါတယ်။

“အမတ ၃၇၅၊ နစခ ၄၀၉၊ နစခ ၉၀၅ ဆိုပြီး ရှိပါတယ်၊ အဲ့ဒီတပ်တွေကနေ နတ်ရေကန်ကို ရိက္ခာတို့ လူအဖြည့်အတင်းအပြောင်းအလဲလုပ်ဖို့ အတွက် ကားတက်ပြီဆိုရင် ကားလမ်းဘေးကိုလာပြီး လုံခြုံရေးယူပေးကြတာ၊” Chin Defence Force-Asho ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးပြီး MA သေနက် ၉ လက်၊ ကျည်ဘောက်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရပြီးနောက် အဆိုပါစစ်ကြောင်းဟာ ငဖဲမြို့နယ်၊ ပဇီကျေးရွာဘုန်းကြီးကျောင်းထဲကို ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းရဲ့ ကာကင်းဖြစ်တဲ့ ပဇီရွာဘုန်းကြီးကျောင်းထဲမှာ တပ်မ ၉၉၊ ကပစ ၂၊ ကပစ ၁၀၊ ကပစ ၁၃၊ ကပစ ၁၄ စတဲ့တပ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၃၀ တပ်စွဲနေထိုင်နေတာလို့လည်း ဆိုပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။