ပေါက်ခေါင်း၊ မေ ၁၊ ၂၀၂၅။
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ သိုင်းချောင်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဧပြီ ၃၀ ရက်နေ့လယ် ၁ နာရီကျော်မှာ မီးရှို့ခဲ့တာကြောင့် လူနေအိမ် ၇ လုံးပြာကျ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ပေါက်ခေါင်းမြို့ပေါ်ကနေ ဖောကား ၃ စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ သိုင်းချောင်းကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့တာလို့ဆိုပါတယ်။
“မနက် ၉ နာရီကျော်မှာ ရွာအရှေ့ဘက်ကနေလက်နက်ကြီးတွေပစ်ပြီး ဝင်လာတာ။ ရွာထဲမှာ ထမင်းချက်စားကြသေးတယ်။ ပြီးမှ မီးရှို့ခဲ့တာ။ ဒေသခံတွေကတော့ ရွာလုံးကျွတ်ထွက်ပြေး သွားကြရတယ်။ အဖမ်းခံရတာရှိ၊ မရှိတော့ မသိရဘူး”လို့ ပေါက်ခေါင်းမြို့နယ်ခံ အမျိုးသားတဦးက ပြောပါတယ်။

လူနေအိမ်တွေကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ မီးရှို့ပြီးနောက် နေ့လယ် ၃ နာရီကျော်မှာ ပေါက်ခေါင်းမြို့ပေါ်ကို ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့သူက ဆက်ပြောပါတယ်။
သိုင်းချောင်းကျေးရွာကို မီးရှို့တာကြောင့် အဲ့ဒီရွာအပါအဝင် အနီးအနားမှာရှိတဲ့ တယ်ပင်ကျော၊ အိုင်ဇောက်၊ ဗောဓိကုန်း၊ တာကောက်၊ မြှောက်ခွေး၊ ရဲချောင်းခြားစတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကျေးရွာတွေကို ထွက်ပြေးခဲ့ကြရတယ်လို့ဆိုပါတယ်။
“ဒီနေ့(မေ ၁)မနက်ကလည်း သိုင်းချောင်းနဲ့ အိုင်ဇောက်ရွာဘက်ကို မြို့ပေါ်ကနေ လက်နက်ကြီးတွေ နဲ့လှမ်းထုနေတာ ၃ လုံးလောက်ရှိပြီ။ ထွက်ပြေးနေကြရတဲ့ ပြည်သူတွေကတော့ အခုထိရွာကို ပြန်မဝင်ကြသေးဘူး”လို့ ပေါက်ခေါင်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၉ ရက်ကလည်း သိုင်းချောင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၂၃ ရက်မှာတော့ သိုင်းချောင်းရွာကို မီးဝင်ရှို့ခဲ့ရာ လူနေအိမ် ၆ လုံးမီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
စာတည်း – လင်း