myaelatt athan

Sharing Information to the Local

ဂျက်ဖိုက်တာနဲ့ဗုံးကြဲလို့ အမျိုးသမီး ၁ ဦးဒဏ်ရာရပြီး နေအိမ်တွေပျက်စီး (ရုပ်/သံ)

တောင်သာ၊ ဧပြီ ၂၆၊ ၂၀၂၅။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မကျီးပင်တဲကျေးရွာမှာ စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တဲ့အတွက် ဒေသခံအမျိုးသမီး ၁ ဦးဒဏ်ရာရပြီး နေအိမ် ၇ လုံးပျက်စီးသွားတယ်လို့ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဧပြီ ၂၅ ရက်ညနေ ၃ နာရီကျော်မှာ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာ ၁ စီးက မကျီးပင်တဲကျေးရွာထဲကို ဗုံး ၃ လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။

“ဘာတိုက်ပွဲမှာမရှိဘဲနဲ့ ချသွားတာပဲ။ ရွာထဲကျတာပဲ။ အိမ်တွေပါသွားတယ်။ လူကတော့ ထိခိုက်နည်းတယ်။ အဖွားကြီး ၁ ယောက်တော့ ထိခိုက်များတယ်။ သူက အိမ်ထဲရှိနေချိန်ထိတာ အိမ်တွေထိတော့ သူပါထိတာ။”လို့ တောင်သာမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

ဗုံးစထိမှန်လို့ အသက် ၅၀ ကျော်အရွယ် ဒေါ်နုနု ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၇ လုံး ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။

မကျီးပင်တဲကျေးရွာဟာ လေကြောင်းအန္တရာယ်ကြိုတင်ကာကွယ်ပြီး ဗုံးခိုကျင်းတွေလုပ်ထားတဲ့အတွက် လူထိခိုက်နည်းတာဖြစ်နိုင်တယ်လို့ တောင်သာမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မကျီပင်တဲကျေးရွာမှာ အိမ်ခြေ ၁၀၀ ကျော် လူဦးရေ ၆၀၀ ဝန်းကျင်နေထိုင်တဲ့ကျေးရွာဖြစ်ကာ အခုတိုက်ခိုက်ခံရတာက ဒုတိယအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၈ ရက်ကလည်း မကျီးပင်တဲကျေးရွာကို စစ်ကောင်စီဘက်က စက်တပ်လေထီးအသုံးပြုကာ ကျေးရွာထဲဗုံးကြဲချခဲ့တာကြောင့် ကျေးရွာဘုန်းကြီးကျောင်းနဲ့နေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း၊ တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။