myaelatt athan

Sharing Information to the Local

မုံရွာနဲ့စလင်းမှာ လက်နက်ကြီးနဲ့လေယာဥ်ဗုံးကြောင့် ၄ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

မြေလတ်အသံ၊ ဧပြီ ၂၅၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကံပြားကြီးကျေးရွာအုပ်စု၊ ရွာတော်ရွာမှာ လက်နက်ကြီးဗုံးသီးကျရောက်ပေါက်ကွဲတာကြောင့် သက်ကြီးပိုင်းတွေအပါ အရပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၂၅ ရက် ဒီကနေ့မနက် ၉ နာရီဝန်းကျင်မှာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ကနေ ၇ မိုင်ခန့်အကွာ မုံရွာ-သာစည်လမ်းပေါ်ရှိ ရွာတော်ရွာကို ၆၀ မမ ဗုံးသီး ၃ လုံးပစ်ခတ်ခဲ့တာဖြစ်ပြီး ၂ လုံးမှာ ကျေးရွာတွင်းနေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

” သေသွားတဲ့ ကိုအောင်ကျော်ဦးနဲ့ ကိုဖြိုးဝေတို့က ညီအစ်ကိုတော်ကြတာ၊ သူတို့ ၂ ယောက်က မှန်မှန်ချင်းမသေသေးဘူး၊ နောက် ၁၅ မိနစ်လောက်နေမှ သွေးထွက်လွန်ပြီး သေသွားတာ။ အဘွားနဲ့ မိန်းမကြီးကတော့ ပွဲချင်းပြီးသေတာ” လို့ ရွာတော်ရွာခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

လက်နက်ကြီးဗုံးသီးစထိမှန်တာကြောင့် ရွာတော်ရွာနေထိုင်သူ ကိုဖြိုးဝေ အသက် ၄၀ နှစ်၊ အသက် ၅၀ နှစ်အရွယ် ကိုအောင်ကျော်ဦးနဲ့ ဒေါ်မိပိုင်၊ ဒေါ်ဝိုင်းကြည် အသက် ၇၀ နှစ် တို့သေဆုံးခဲ့ပြီး ၎င်းတို့ကို ဒီကနေ့ညနေပိုင်းမှာမှ သင်္ဂြိုဟ်မှာဖြစ်ကြောင်း သိရပါတယ်။

မုံရွာ၊ နမခကနေ ဧပြီ ၂၃ ရက် ည ၁၀ နာရီခန့်ကစတင်ကာ ဒီကနေ့မနက်အထိ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာဖြစ်ပြီး လက်နက်ကြီးပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရကြောင်း မုံရွာမြို့ခံတွေကလည်း ပြောပါတယ်။

မကွေးတိုင်း၊ စလင်းမြို့နယ်မှာလည်း လေကြောင်းကနေဗုံးကြဲခံရတာကြောင့် အသက် ၇၀ ကျော် အဘိုး၊ အဘွား ၂ ဦး ဒဏ်ရာ(ပြင်းထန်)ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၂၄ ရက် မနေ့ညနေ ၅ နာရီခန့်မှာ မြောက်ချောင်းဖြူအုပ်စု၊ ရွာသစ်ကလေးကျေးရွာကို တိုက်လေယာဥ် ၁ စီးနဲ့ ဗုံး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လူထိခိုက်မှုအပြင် နေအိမ် ၁ လုံး၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

“ ရွာသစ်ကလေးကျေးရွာမှာ တိုက်ပွဲတွေလည်းမရှိပါဘူး၊ PDF တပ်ရင်း/တပ်ဖွဲ့တွေလည်း မရှိပါဘူး၊ ဘယ်လိုအကြောင်းအရာကြောင့် ဒီလိုကြဲသွားတယ်ဆိုတာကျမတို့မသိရသေးပါဘူး” လို့ စလင်းမြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။

ရွာသစ်ကလေးရွာဟာ အိမ်ခြေ ၅၀၊ အိမ်ထောင်စု ၃၀ စု၊ လူဦးရေ ၂၀၀ ဝန်းကျင်ရှိပြီး လက်ရှိမှာ ရွာလုံးကျွတ်နီးပါးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

သတင်း – ခေတ်သဒ္ဒါ၊ ဒိန်းဂျား၊ စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။