ညောင်ဦး၊ ဧပြီ ၂၄၊ ၂၀၂၅။
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ မြေသန့်တောင်နဲ့ ကြအိုရွာက နေအိမ် ၇ လုံးကို ဧပြီ ၂၂ ရက်နဲ့ ၂၃ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧပြီ ၂၁ ရက်ကစတင်ပြီး ညောင်ဦး တပ်မ ၈၈ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ပျူစောထီးနဲ့ ရဲအင်အား ၆၀ ကျော်က တင့်ကား ၃ စီး၊ စစ်ကား ၃ စီးနဲ့အတူ အဆိုပါကျေးရွာနှစ်ရွာကို တပြိုင်တည်း ဝင်ရောက်လာခဲ့တယ်လို့ဆိုပါတယ်။
“စစ်ကြောင်းဝင်လာကတည်းက ရွာထဲနေတယ်။ (ဧပြီ ၂၂)ညနေက မြေသန့်တောင်က နေအိမ် ၁ လုံးမီးရှိ့တယ်။ (ဧပြီ ၂၃ )မနက်မှာ မြေသန့်တောင်က ၅ လုံး၊ ကြအိုက ၁ လုံးရှို့တယ်။ နွားတွေကား ၁ စီးတိုက်နဲ့ ဝက်တွေ ကား ၁ စီးတိုက်သယ်သွားတယ်။ အိမ်ထောင်ပရိဘောဂတွေလည်း ယူသွားတယ်”လို့ ဒေသခံက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဧပြီ ၂၃ ရက် မနက် ၇ နာရီကျော်ခန့်မှာ အဆိုပါကျေးရွာတွေကနေ ညောင်ဦးဘက်ကို ပြန်ထွက်သွားပြီလို့ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းဝင်လာတဲ့ ဧပြီ ၂၁ ရက်နေ့မနက်ပိုင်းမှာ မြေသန့်တောင်ကျေးရွာ မြောက်ပိုင်းနားမှာ ၁ ကြိမ်၊ ဧပြီ ၂၂ ရက်က ပစ္စည်းတွေသယ်နေချိန်မှာ ၂ ကြိမ်၊ ဧပြီ ၂၃ ရက်မှာ ကျေးရွာတွေကနေ စစ်ကြောင်းပြန်ဆုတ်ချိန်မှာ ၁ ကြိမ် ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ အထက်ပါဒေသခံကပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဝင်လာချိန် ထွက်ပြေးခဲ့ရတဲ့ ရွာခံတွေက ဧပြီ ၂၃ ရက်ညနေပိုင်းကစတင်ပြီး ကျေးရွာကို ပြန်လာဝင်ရောက်နေထိုင်နေကြပြီလို့ သိရပါတယ်။

မြေသန့်တောင်ကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော် လူဦးရေ ၈၀၀ ဝန်းကျင်နေထိုင်ပြီး ကြအိုရွာကတော့ အိမ်ခြေ ၄၀၀ ကျော် လူဦးရေ ၁,၅၀၀ နီးပါးနေထိုင်ကြတယ်လို့ ဆိုပါတယ်။
ဧပြီ ၃ ရက်ကလည်း ညောင်ဦးမြို့နယ်ထဲက မီးလောင်ဖျားမြောက်ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးလို့ နေအိမ် ၅ လုံးပျက်စီးခဲ့ပြီး ဆိုင်ကယ် ၁၀ စီးကျော်ကိုလည်း ယူဆောင်သွားတယ်လို့ သိရပါတယ်။
စာတည်း – လင်း