စလင်း၊ ဧပြီ ၂၄၊ ၂၀၂၅။
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ပန်းတောကျေးရွာအုပ်စု၊ ပန်းတောကြီးကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးထိမှန်ပြီး ဒေသခံအမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ စလင်းမြို့ခံတွေဆီက သိရပါတယ်။
ဧပြီ ၁၉ ရက်မနက် ၉ နာရီ ၁၀ မိနစ်ခန့်မှာ ဆင်ဖြူကျွန်းမြို့အနောက်ဘက် နွယ်တမယ်ရွာမှာ အထိုင်ချထားတဲ့ ပခုက္ကူတပ်မ ၁၀၁ မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၈၁ မမလက်နက်ကြီး ၅ လုံးပစ်ခတ်ရာမှာ ထိခိုက်ခဲ့တာလို့ ဆိုပါတယ်။


“အမျိုးသားကတော့ ဆေးရုံမှာ သေဆုံးသွားတာ၊ အမျိုးသမီးကတော့ ညှပ်ရိုး၊ အူတွေ၊ အသဲ၊ ဘေလုံးထိပြီး ခန္ဓာကိုယ်ထဲသွေးစိမ့်ပြီးသေဆုံးတာ၊” လို့ စလင်းမြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။
ဒီပစ်ခတ်မှုကြောင့် ပန်းတောကြီးကျေးရွာက အသက် ၄၃ နှစ် အရွယ်အမျိုးသားနဲ့ အသက် ၂၇ နှစ် အရွယ် အမျိုးသမီးတို့သေဆုံးခဲ့ပြီး အမျိုးသား ၂ ဦးနဲ့ အမျိုသမီး ၇ ဦးထိခိုက်ဒဏ်ရာရခဲ့ကာ ပျက်စီးမှုတွေတော့မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ပန်းတောကြီးကျေးရွာဟာ လူဦးရေ ၂၀၀ ဝန်းကျင်နေထိုင်ပြီး ဒေသခံတွေကတော့ တခြား ဘေးလွတ်နေရာကို တိမ်းရှောင်နေကြတယ်လို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။


အလားတူအဲ့ဒီနေ့မှာပဲ စလင်းမြို့နယ်၊ ညောင်ကုန်းရွာက အသက် ၇၀ အရွယ်အဖိုး ၁ ဦးကိုလည်း စစ်ကောင်စီစစ်ကြောင်းက လည်လှီးသတ်ခဲ့သေးတယ်လို့ သိရပါတယ်။
ဒါ့အပြင် စလင်းမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်တာ၊ စစ်ကြောင်းထိုးတာတွေလည်း ရှိနေတဲ့အတွက် မြောက်ချောင်းဖြူအုပ်စု၊ ပန်းတောကျေးရွာအုပ်စု၊ မကျီးဖျားကျေးရွာအုပ်စုအတွင်းရှိ ရွာ ၁၃ ရွာက လူဦးရေ ၄ ထောင်လောက်အပါအဝင် စလင်းမြို့နယ်အတွင်းက လူဦးရေ ၁ သောင်းကျော် စစ်ရှောင်နေရတယ်လို့ အထက်ပါဒေသခံကပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလတတိယပတ်အတွင်းမှာလည်း ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး လက်ရှိမှာတော့ တိုက်ပွဲငြိမ်သက်နေကာ ဆင်ဖြူကျွန်းမြို့အနောက်ဘက် နွယ်တမယ်ရွာမှာပဲ စစ်ကောင်စီတပ်ကအထိုင်ချထားတယ်လို့ သိရပါတယ်။
စာတည်း – လင်း