ငလျင်ကြောင့် အဖြေလွှာတွေမီးလောင်ပျက်စီးသွားတဲ့အတွက် စစ်ကောင်စီကတက္ကသိုလ်ဝင်စာမေးပွဲပြန်ဖြေခိုင်း

0 16
0 16

မြေလတ်အသံ၊ ဧပြီ ၂၂၊ ၂၀၂၅။

ငလျင်ကြောင့် မန္တလေးတက္ကသိုလ်ပြိုကျပျက်စီးကာ မီးလောင်မှုဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာတွေမီးလောင်ခဲ့ရတာကြောင့် တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်လည်ဖြေဆိုရမယ်လို့ စစ်ကောင်စီပိုင်သတင်းစာကနေ ဒီကနေ့ထုတ်ပြန်ပါတယ်။

မတ်၂၈ ရက်နေ့က စစ်ကိုင်းမြို့ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့် မန္တလေးတက္ကသိုလ်အတွင်း မီးလောင်မှုဖြစ်ပြီး ကချင်၊စစ်ကိုင်းတိုင်းနဲ့နေပြည်တော်အပါမန္တလေးတိုင်းအတွင်းက တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာတွေမီးလောင်ပျက်စီးခဲ့တာ​ဖြစ်ပါတယ်။

စစ်ကောင်စီက နောက်တကြိမ်ထပ်မံပြုလုပ်မယ့် တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၅ ဇွန်လ ၁၆ ရက်ကနေ ၂၁ ရက်နေ့အထိ ပြန်လည်ဖြေဆိုရမှာလို့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စစ်ကောင်စီက စာမေးပွဲပြန်လည်ကျင်းပမယ့်အပေါ် ထိရောက်နိုင်မှုမရှိနိုင်ကြောင်းနဲ့ စစ်ကောင်စီဟာ ကျောင်းသားတွေရဲ့ ပညာရေးအပေါ်အာမခံချက်မပေးနိုင်ဘူးလို့ ထင်မြင်ကြောင်း စစ်ကိုင်းတိုင်းမှကျောင်းသားမိဘတဦးက ပြောပါတယ်။

“စာမေးပွဲပြန်လည်ကျင်းပတာက ဒါတွေကတအားကြီးတော့ ထိရောက်နိုင်မယ်လို့တော့ မမြင်ပါဘူးပေါ့လေ၊ ဘာလို့လဲဆိုတော့ ဒီသဘာဝဘေးအန္တရာယ်ကြားတွေရော တော်လှန်ရေးကာလလည်းဖြစ်တော့ ဘေးအန္တရာယ်အမျိုးမျိုးတွေကြားထဲမှာ စာမေးပွဲတွေဖြေလိုက်ပြီထားပါတော့ ဖြေပြီးသွားရင်ရော စာမေးပွဲဖြေပြီးသားကျောင်းသားတယောက်ကို ဘယ်ကိုဆက်ပြီးတော့ တက်လှမ်းပြီးတော့ ဘာတွေဆက်လုပ်မှာလဲပေါ့၊ ဘယ်ထိသွားလို့ရမှာလဲဆိုတဲ့နေရာမှာ တိကျခိုင်မာတဲ့အာမခံချက်တွေ စစ်ကောင်စီဘက်မှာလည်း မပေးနိုင်သလို၊ မပေးနိုင်လောက်ဘူးပေါ့လေ၊ အဲ့ကျတော့တအားကြီးတော့ထိရောက်မှုရှိမယ်လို့ မထင်ပါဘူး”လို့ စစ်ကိုင်းတိုင်းမှ ကျောင်းသားမိဘတဦးက ပြောပါတယ်။

စာမေးပွဲ ပြန်လည်ဖြေဆိုရာမှာ ၂၀၂၅ မတ်လ မှာကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ ဘာသာရပ်အားလုံးဖြေဆိုခဲ့တဲ့ကျောင်းသူ/သားတွေကိုသာ ပြန်လည်ဖြေဆိုခွင့်ပြုမှာဖြစ်ပြီး ဖြေဆိုခွင့်ရသူတွေကို သက်ဆိုင်ရာပညာရေးမှူးရုံးနဲ့စာစစ်ဌာနတွေက​နေ ပြန်လည်ကြေညာပေးသွားမယ်လို့လည်း စစ်ကောင်စီကဆိုပါတယ်။

ဒါ့အပြင် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမယ့် စာစစ်ဌာနအချို့ နေရာပြောင်းလဲကျင်းပမှာဖြစ်ကြောင်းကိုလည်း စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် မတ်၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့​တဲ့ ငလျင်ကြောင့် စစ်ကိုင်းတိုင်းက ဖြေဆိုသူ ၇,၃၁၁ ဦးရဲ့ အဖြေလွှာအုပ်ရေ ၄၃,၈၂၇ အုပ်၊ မန္တလေးတိုင်းကဖြေဆိုသူ ၄၆,၉၄၄ ဦးရဲ့ အဖြေလွှာအုပ်ရေ ၂၈၀,၉၄၀ အုပ်နဲ့ ကချင်ပြည်နယ်ကဖြေဆိုသူ ၈,၆၉၉ ဦး ရဲ့ အဖြေလွှာအုပ်ရေ ၅၂,၁၈၉ အုပ်တို့ မီးလောင်ပျက်စီးခဲ့တယ်လို့ မတ် ၂၉ ရက်နေ့မှာစစ်ကောင်စီကထုတ်ပြန်ထားပါတယ်။

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။