ပေါင်းတည်၊ ဧပြီ ၂၂၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်မှာ ရိက္ခာပို့ဖို့ရှေ့ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဧပြီ ၂၁ ရက် မနေ့မွန်းလွဲ ၂ နာရီခွဲလောက်မှာ တိုက်ခိုက်ခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၆၀၁ တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။
ပေါင်းတည်မြို့နယ်၊ မှတ်တိုင်တိုက်နယ်မြေရဲစခန်းကနေ စစ်သား ၁၄ ဦးက ဆိုင်ကယ် ၇ စီးနဲ့ ကျောက်ကြီးတောင် စစ်ကောင်စီဂိတ်ကိုရိက္ခာပို့ဖို့ရှေ့ပြေးလာချိန် ပေါက်တောရွာနဲ့ အဂ္ဂရာပြည့်ကွက်သစ်ကြားတံတားအနီးမှာ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စောင့်ကြိုပြီး မိုင်း ၆ လုံးဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“မိုင်းဆွဲလိုက်တော့ နောက်ကလိုက်လာတဲ့ ဆိုင်ကယ်သုံးစီး နောက်ပြန်လှည့်သွားတယ်။ လဲကျနေတဲ့ကောင်တွေက မလှုပ်နိုင်ပေမယ့် ကျန်တဲ့ကောင်တွေက လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာမျိုးတော့ရှိတယ်“လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံ Shadow က ပြောပါတယ်။
တိုက်ခိုက်ခံရတဲ့ နေရာဟာ မှတ်တိုင်ရဲစခန်းနဲ့ ၄ မိုင်ခန့်အကွာမှာရှိပြီး စစ်ကောင်စီတပ်ရဲ့ ရိက္ခာပို့ ခရီးစဉ်လည်းပျက်သွားတယ်လို့ သူကဆက်ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂ ဦးသေကာ ၅ ဦးဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် မြေလတ်အသံက သီးခြားအတည်ပြုချက်မရသေးပါဘူး။
ဒါ့အပြင် ညနေ ၃ နာရီခွဲလောက်မှာ မှတ်တိုင်ရွာဘက်ကလာတဲ့ ဖောကားနဲ့ အလောင်းတွေကို ပေါက်တောဘက်ကိုသယ်ကာသင်္ဂြိုဟ်ခဲ့သလို ဒဏ်ရာရသူတွေကို မှတ်တိုင်ဆေးရုံမှာ ကုသနေတယ်လို့ သိရကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံ Shadow က ပြောပါတယ်။
အပြန်အလှန်ပစ်ခတ်မှုအတွင်း ကာကွယ်ရေးတပ်တွေဘက်က ထိခိုက်မှုမရှိခဲ့ဘဲ ဧပြီ ၂၂ ရက် ဒီနေ့မနက်အထိတော့ စစ်ကောင်စီတပ်ဘက်က တစုံတရာတုံ့ပြန်တာမျိုးမတွေ့ရဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၃ ရက်ကလည်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၆၀၁ တပ်ရင်းက တပ်ဖွဲ့ဝင်တွေဟာ ပေါက်ခေါင်းမြို့နယ်၊ ဗောဓိကုန်းရွာကထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တည်ပင်ကြောလမ်းခွဲအရောက်မှာ မိုင်း ၃ ကြိမ်ဆွဲ တိုက်ခိုက်ခဲ့ပါသေးတယ်။
ပုံစာ – ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။
သတင်း – မောင်ဆွေအင်း၊ စာတည်း – လင်း