myaelatt athan

Sharing Information to the Local

ကျောက်ဆည်ခရိုင်အမှတ် ၂ တပ်ရင်း NUG ထံ နုတ်ထွက်စာတင်ပြထားပြီး ခွင့်ပြုချက်ရပါက လက်နက်တွေပြန်အပ်မယ်လို့ဆို

ကျောက်ဆည်၊ ဧပြီ ၂၁၊ ၂၀၂၅။

အမျိုးသားညီညွတ်ရေးအစိုးရ – NUG၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ PDF တပ်ရင်း အဖြစ်ကနေနုတ်ထွက်လိုက်ပြီလို့ ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်းက ဧပြီလ ၂၀ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ တပ်ရင်းချင်းအတူတူ ခွဲခြားဆက်ဆံခံရတာ၊ အသိအမှတ်ပြုမခံရတာတွေကြောင့် ခုလို နုတ်ထွက်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။

“ထောက်ပံမှုစရိတ် ၁ လ ၈၈ သိန်းတော့ပေးတယ်။ တခါတလေ ၂ လကြာတယ်။ တခါတလေ ၃ လကြာတယ်။ အဓိကဘယ်လိုဖြစ်လဲဆိုတော့ ကျနော်တို့ဘာပဲလုပ်လုပ်အကောင်းမမြင်ဘူး။ ကျနော်တို့ဘက်က တတ်နိုင်သလောက်လုပ်ပေးသလောက် ကူညီပေးသလောက် ပြည်သူမျက်နှာကြည့်ပြီးဆောင်ရွက်တာတောင်မှ သူတို့နဲ့အဆင်ပြေတဲ့သူတွေလောက်သာ အသိမှတ်ပြုခံရတာဆိုတော့ နုတ်ထွက်ရတာ”လို့ ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်း တာဝန်ရှိသူတဦးကပြောပါတယ်။

နုတ်ထွက်ဖို့အတွက် ဧပြီ ၁၉ ရက်မှာ NUG ကာကွယ်ရေးဝန်ကြီးဌာနကို တိုက်ရိုက်တင်ပြထားပြီး နုတ်ထွက်ခွင့်ပြန်စာကိုတော့မရသေးဘူးလို့ သူကဆက်ပြောပါတယ်။

နုတ်ထွက်ခွင့်ပြုကြောင်းစာပြန်ရလာပါက NUG ကပေးအပ်ထားတဲ့ လက်နက် ၄၅ လက်ကိုလည်း ပြန်လည်ပေးအပ်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။

ခုလိုနုတ်ထွက်သွားပေမယ့် တော်လှန်ရေးကနေ နုတ်ထွက်သွားမှာမဟုတ်ဘဲ LPDF အနေနဲ့ ရပ်တည်သွားမှာဖြစ်ပြီး တော်လှန်ရေးအပြီးထိ အမှန်တရားအတွက် အလုပ်လုပ်မယ့် ဘယ်အဖွဲဲနဲ့မဆို ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

လတ်တလောမှာလည်း ဓနုတပ်တော်နဲ့မဟာမိတ်အဖြစ်ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ဖို့ သဘောတူထားတယ်လို့ သိရပါတယ်။

ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်းဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်ကစပြီး LPDF အနေနဲ့ရပ်တည်လာခဲ့ရာမှ ၂၀၂၃ ဖေဖော်ဝါရီလ ၂၈ ရက်မှာ NUG ကာကွယ်ရေးဝန်ကြီး လက်အောက် တပ်ရင်းကုတ်အမှတ် P-14402 အဖြစ်ရပ်တည်ခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်းက တပ်ဖွဲ့ဝင်တွေဟာ ၁၀၂၇ ရှမ်းမန်းစစ်ဆင်ရေးအပါအဝင် ရှမ်းပြည်၊ စစ်ကိုင်းတိုင်းနဲ့မန္တလေးတိုင်းတွေမှာ MNDAA အပါအဝင် PDF တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းပြီး စစ်ကောင်စီကိုတိုက်ခိုက်နေတာဖြစ်ပါတယ်။

တပ်ရင်းတည်ထောင်ဖွဲ့စည်းချိန်ကနေ လက်ရှိအချိန်ထိ တိုက်ပွဲပေါင်း ၅၀ ကျော်မှာ ပါဝင်တိုက်ခိုက်ခဲ့သလို တပ်ဖွဲ့ဝင် ၆ ဦးထိကျဆုံးထားပြီး ၈ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အလားတူ အခုနှစ်ဖေဖော်ဝါရီ ၁၀ ရက်မှာ KNU တပ်မဟာ ၆ အခြေစိုက် ဂဠုန်စစ်ကြောင်း၊ ဇန်နဝါရီ ၁၉ ရက်မှာလည်း ဂန့်ဂေါခရိုင် အမှတ် ၁၂ တပ်ရင်းတို့က NUG ကာကွယ်ရေးဝန်ကြီး ဌာနအောက်ကနေ နုတ်ထွက်ခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။