myaelatt athan

Sharing Information to the Local

ကန့်ဘလူ၊ သင်တောရွာ ဗုံးကြဲခံရပြီး ပြည်သူ ၆ ဦးသေ

ကန့်ဘလူ၊ ဧပြီ ၂၁၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သင်တောကျေးရွာမှာ စစ်ကောင်စီတပ်ဘက်ကလေကြောင်းကနေ ဗုံးကြဲခဲ့လို့ ပြည်သူ ၆ ဦးသေဆုံးခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ – ကန့်ဘလူခရိုင်ထံက သိရပါတယ်။

ဧပြီ ၂၀ ရက်နေ့ည ၆ နာရီ မိနစ် ၅၀ ခန့်မှာ တံတားဦးတက်လာတဲ့ Jet Fighter ၁ စီးဟာ စစ်ရေးပစ်မှတ်မရှိဘဲကျေးရွာထဲကို ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့ရာ ရွာလည်ပိုင်းရှိ ဦးစိုးမင်း+ ဒေါ်မူချို ကုန်စုံဆိုင်အနီးကို ကျရောက်ပေါက်ကွဲခဲ့တာလို့ဆိုပါတယ်။

“ပေါင် ၅၀၀ ဗုံးကျတဲ့နေရက ကျင်းကိုက လူတရပ်နီးနီးရှိတယ်။ ရွာလည်ခေါင်ကိုကျတာဆိုတော့ နည်းနည်းအထိနာတယ်။ အဲရွာတွေက အများသောအားဖြင့် စစ်ရှောင်နေကြတာ။ နေခင်းလောက်ဘဲစျေးရောင်းကြတာ။ ပုံမှန်ဆိုရွာပြင်ထွက်နေကြတာ။ အခုလည်း စျေးရောင်းသိမ်းပြီးပြန်ကြတဲ့အချိန်မျိုးမှာ ထိမှန်တာလို့တော့သိရတယ်”လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ခံကပြောပါတယ်။

လေကြောင်းကနေ ဗုံးကြဲခံရလို့ အသက် ၅၀ အရွယ် ဦးကျော်မင်းကြီး၊ အသက် ၃၀ အရွယ် ကိုဖိုးမော့နဲ့ကိုမင်းမင်း၊ အသက် ၅၀ ကျော်အရွယ် ဒေါ်ခင်မာနှင်းနဲ့ ဒေါ်စော၊ အသက် ၂၀ အရွယ် မမိသေး တို့ ၆ ဦးနေရာတင်သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူတွေလည်းရှိနေသလို ဗုံးကျလို့ မီးလောင်ပျက်စီးနေအိမ်တွေလည်းရှိနေပြီး အပျက်အစီးအထိခိုက်စာရင်းတွေကိုတော့ ကောက်ယူစစ်ဆေးနေတုန်းဖြစ်လို့ အတိအကျမရသေးဘူးလို့ဆိုပါတယ်။

သင်တောကျေးရွာက အိမ်ခြေ ၂၀၀ လူဦးရေ ၈၀၀ ကျော်ရှိတဲ့ကျေးရွာဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းရန်ကိုကြောက်တာကြောင့် ကျေးရွာထဲမှာ ရွာခံတွေက အတည်တကျနေထိုင်တာမရှိဘဲ ကျေးရွာအနီးတောစပ်တွေမှာ နေထိုင်ကြတာများတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း သင်တောရွာကို စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ ဘုန်းကြီးကျာင်းနှစ်ထပ်ကျောင်းဆောင်၊ ဘုရားဆင်းတုတော်၊ စေတီပျက်စီးခဲ့ပြီး သံဃာတော်တွေအပါအဝင် ၅ ဦးထိခိုက်ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။