myaelatt athan

Sharing Information to the Local

အဓမ္မဖမ်းဆီးခံရပြီး စစ်ကောင်စီတပ်သားသစ်ဖြစ်လာသူ ၂ ဦး ဘက်ပြောင်းခိုလှုံ

စစ်ကိုင်း၊ ဧပြီ ၁၈၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ က စစ်ကောင်စီ ဒုတပ်စိတ်မှူး ၁ ဦးနဲ့ တပ်သား ၁ ဦး ဧပြီ ၁၆ ရက် မနက်ပိုင်းမှာ တပ်ထဲကထွက်ပြေးပြီး ဘက်ပြောင်းခိုလှုံလာတယ်လို့ လျှပ်စီးတပ်ခွဲ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ခွဲ ၃ အဖွဲ့ဆီက သိရပါတယ်။

ဘက်ပြောင်းခိုလှုံလာသူတွေဟာ အသက် ၂၈ နှစ်အရွယ် ဒုတပ်စိတ်မှူး ဖြိုးသီဟနဲ့ ၃၆ နှစ်အရွယ် တပ်သား မောင်သက်တို့ဖြစ်ပြီး သူတို့ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သွားရောက်ခေါ်ဆောင်ခဲ့ရတာလို့ ဆိုပါတယ်။

“လမ်းမှာစစ်ကောင်စီကလည်း နောက်ကနေ ခရာတွေ တရစပ်မှုတ်ပြီးတော့ သူတို့နောက်ကို အတင်းလိုက်လာတာဖြစ်တဲ့အတွက် လက်နက်တွေသယ်ဆောင်နိုင်တာမရှိတာနဲ့ (သူတို့ယူလာတဲ့လက်နက်ကို) လမ်းတနေရာမှာ သိမ်းဆည်းထားခဲ့တယ်လို့ ပြောတယ်၊” လို့ လျှပ်စီးတပ်ခွဲ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ခွဲ ၃ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

သူတို့ ၂ ဦးစလုံးဟာ ၂၀၂၄ နိုဝင်ဘာလက စစ်မှုထမ်းအတွက်ဖမ်းဆီးခံခဲ့ရပြီး ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရှိ အမှတ်(၁)တန်းမြင့်လေ့ကျင့်ရေးကျောင်း(ဂျိုးဖြူ)မှာ စစ်သင်တန်း ၄ လ၊ ပဲခူးအခြေစိုက် တပ်မ ၇၇ မှာမွမ်းမံသင်တန်း ၁ လ တက်ခဲ့ရတယ်လို့ ဆိုပါတယ်။

သင်တန်းပြီးတဲ့နောက် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း စစ်ကြောင်းသွားခဲ့ရပြီး အဲ့ဒီကတဆင့် စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ ကိုရောက်လာချိန်မှာ ဘက်ပြောင်းခိုလှုံဖို့ ကာကွယ်ရေးတပ်တွေကို ချိတ်ဆက်ခဲ့တာလို့ အထက်ပါသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

လက်ရှိမှာ သူတို့မိသားစုတွေဆီကို တပ်ဖွဲ့ဝင်တွေက ဧပြီ ၁၈ ရက်မှာ ပြန်လည်ပို့ဆောင်လိုက်တယ်လို့ ပြောပါတယ်။

လျှပ်စီးတပ်ခွဲ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ခွဲ ၃ အဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် တပ်ဖွဲ့တခုဖြစ်ပြီး အထက်ပါစစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဟာ သူတို့ဆီ ပထမဦးဆုံး ဘက်ပြောင်းခိုလှုံလာတာလို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။