myaelatt athan

Sharing Information to the Local

ရွာဘုရားပွဲမှာ PDF ၂ ဖွဲ့ ရန်ပွဲဖြစ်ပြီး ၁ ဦးသေဆုံး၊ ရန်ပွဲပါဝင်သူ ၁၁ ဦးဖမ်းခံထားရပြီး စစ်ဆေးစဥ် ၁ ဦးထပ်မံသေဆုံး

ရွှေဘို၊ ဧပြီ ၁၈၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တကန်သာကျေးရွာမှာ ရွှေဘိုခရိုင် PDF တပ်ရင်း ၅ တပ်ဖွဲ့ဝင်တွေနဲ့ တကန်သာကျေးရွာပကဖတပ်ဖွဲ့ဝင်တွေအကြား ရန်ပွဲဖြစ်ပွားလို့ ၂ ဦး သေဆုံးကာ ၁၀ ဦးဖမ်းဆီးခံထားရတယ်လို့ နှစ်ဖက်အဖွဲ့တွေထံက သိရပါတယ်။

ဧပြီ ၁၄ ရက် ညနေ ၄ နာရီခန့်က ရွှေဘိုမြို့နယ်၊ တိုက်နယ် ၄ နယ်မြေ၊ တကန်သာရွာမှာ ရွာဓလေ့ဘုရားပို့ပွဲပြုလုပ်နေချိန် ရန်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါရန်ပွဲအတွင်း ရွှေဘိုခရိုင်တပ်ရင်း ၅ တပ်ခွဲ ၃ က တပ်ဖွဲ့ဝင် ကိုရာဇာမှာ ဓားထိုးခံခဲ့ရကာ ဆေးရုံသို့ပို့ဆောင်ချိန်လမ်းမှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ပုံစာ – ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးဖို့ ရွာခံတွေတောင်းဆိုနေစဉ်။
ပုံစာ – ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးဖို့ ရွာခံတွေတောင်းဆိုနေစဉ်။

” ကနဦးစဖြစ်တဲ့ ပြဿနာကဘုရားပို့ပွဲမှာက တပ်ရင်းကရဲဘော်တွေလည်းလာကြတယ်။ ဘေးရွာတွေကကောလာကြတယ်။ အကခုန်တွေနဲ့ဆိုတော့ ရွာပေါင်းစုံကလာကြတယ်။ အဲ့ဒီမှာ သူတို့(တပ်ရင်း ၅ အဖွဲ့ဝင်)တွေက ဘေးရွာကတယောက်နဲ့ထိုးကြကြိတ်ကြတယ်။ ကျနော်တို့ရွာက ဝင်ဆွဲတာ။ (ဝင်ဆွဲတဲ့အချိန်) ထိုးလိုက်တော့ ရွာသားထိုးခံရတယ်ဆိုတော့ ရွာသူရွာသားတွေပါ ဝင်လာပြီးတော့ ထိုးကြကြိတ်ကြတဲ့အချိန်မှာ တပ်ရင်း ၅ က ရဲဘော်က ဓားနဲ့ထိုးခံလိုက်ရတာ”လို့ တကန်သာကျေးရွာသားတဦးက မြေလတ်အသံကို ပြောပါတယ်။

ပုံစာ – ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးဖို့ ရွာခံတွေတောင်းဆိုနေစဉ်။
ပုံစာ – ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးဖို့ ရွာခံတွေတောင်းဆိုနေစဉ်။

ကိုရာဇာ ဓားထိုးခံရပြီးသေဆုံးကြောင်း တပ်ရင်းဌာနချုပ်ကိုအကြောင်းကြားပြီးနောက် အဆိုပါနေ့ညနေပိုင်းမှာပဲ တပ်ရင်း ၅ မှ လက်နက်ကိုင်တပ်ဖွဲ့ဝင် အင်အား ၆၀ ခန့် အခင်းဖြစ်ကျေးရွာကိုရောက်ရှိလာပြီး ရန်ပွဲမှာပါဝင်သူတွေကို ၎င်းတို့ထံ လွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

တောင်းဆိုမှုကြောင့် ရန်ပွဲမှာပါဝင်ခဲ့သူ ကျေးရွာပကဖအဖွဲ့ဝင် ၃ ဦး ဖြစ်တဲ့ ရဲဝင်း၊ ကျော်ကြီး၊ AZနဲ့ တကန်သာရွာသား ကိုသက်ဖူး တို့ကို တပ်ရင်း ၅ ထံ လွှဲပြောင်းပေးခဲ့ရာ ၎င်းတို့ ၄ ဦးကို လူအများရှေ့မှာ လက်ထိပ်ခတ်ရိုက်နှက်မေးမြန်းတာတွေပြုလုပ်ခဲ့ပြီးနောက် တိုက်နယ် ၄ စခန်းကိုပို့ဆောင်ကာ ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – ဧပြီ ၁၄ ရက် ညနေပိုင်းမှာ တပ်ရင်း ၅ က ရိုက်နှက်လို့ ဒဏ်ရာရခဲ့တဲ့ ရဲဘော်အား တွေ့ရစဉ်။
ပုံစာ – ဧပြီ ၁၄ ရက် ညနေပိုင်းမှာ တပ်ရင်း ၅ က ရိုက်နှက်လို့ ဒဏ်ရာရခဲ့တဲ့ ရဲဘော်အား တွေ့ရစဉ်။

အဲ့ဒီနောက် ဧပြီ ၁၅ ရက်မနက်ပိုင်းမှာ တပ်ရင်း ၅ က အဖွဲ့ဝင် ၃၀ ခန့် ရောက်ရှိလာပြီး ရန်ပွဲအတွင်း နောက်ထပ်ပါဝင်သူတွေကို ထပ်မံလွှဲပြောင်းပေးဖို့ပြောဆိုကာ တကန်သာရွာသား ကိုတင်လင်း၊ ဇင်ဘိုထက်၊ ရဲမြင့်ထွေး၊ စိုင်းကိုကို၊ ဖြိုးမင်းဦးနဲ့ ကျေးရွာပကဖအဖွဲ့ဝင် ရဲမာန်၊ ထက်ဝေ ၇ ဦးကို ထပ်မံရိုက်နှက်ဖမ်းဆီးသွားခဲ့တာကြောင့် စုစုပေါင်း ၁၁ ဦးဖမ်းဆီးခံရပြီး ၎င်းတို့ကို တပ်ရင်း ၅ ဌာနချုပ်ကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

၎င်းနေ့ညနေပိုင်းမှာ ဖမ်းဆီးခံရသူတွေအနက် ပကဖအဖွဲ့ဝင်ရဲဝင်း စစ်ဆေးနေစဥ်အမောဆို့ သေဆုံးသွားကြောင်း တပ်ရင်း ၅ ဘက်က တိုက်နယ် ၄ ပကဖထံ အကြောင်းကြားလာခဲ့တယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။

” အလောင်းလာယူမှာလား လာပို့မှာလားလို့မေးတယ်။ လူကြီးအားလုံးက မနက်မှလာပို့ပါ မြို့နယ်တာဝန်ခံများရောက်လာမှ လက်ခံမယ်လို့ပြောလိုက်တယ်။ ၁၆ ရက်နေ့ နံနက်ရောက်လာတော့ သူ့အလောင်းကို ရွှေဘိုမြို့နယ်ပကဖအဖွဲ့ဝင်တွေရှေ့မှာ အလောင်းကို လက်ခံရယူခဲ့တယ်” လို့ ဆိုပါတယ်။

အလောင်းကိုစစ်ဆေးချိန်မှာလည်း ဦးခေါင်း၊ ဝမ်းဗိုက်အပါအဝင် ခန္ဓာကိုယ်တခုလုံးနီးပါး မှာ ခွဲစိတ်ထားတာကိုတွေ့ခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။

ပုံစာ – တပ်ရင်း ၅ က စစ်ကြောရေးမှာသေဆုံးသွားခဲ့တဲ့ ရဲဘော် ရဲဝင်း အားတွေ့ရစဉ်။
ပုံစာ – တပ်ရင်း ၅ က စစ်ကြောရေးမှာသေဆုံးသွားခဲ့တဲ့ ရဲဘော် ရဲဝင်း အားတွေ့ရစဉ်။

“အလောင်းကို လက်ခံရယူပြီး မြို့နယ်ကျန်းမာရေးတာဝန်ခံက စစ်ဆေးတာမှာ နေရာစုံဒဏ်ရာ၊ ဒဏ်ချက်ဗလပွနဲ့ ဦးခေါင်းနဲ့ဝမ်းဗိုက်တို့ကို ခွဲစိတ်ထားတာကိုတွေ့ရတယ်။ ခြေမမှာလည်း အရေပြားခွာ ထားတဲ့ ပုံစံတွေ့ရတယ်။ တာဝန်ခံက အလောင်းလာပို့သူတွေကို ဆေးစစ်ချက်တောင်းတာ မပါဘူး နောက်မှပေးမယ်လို့ပြောကာ ကားမောင်းထွက်သွားတယ်”လို့ ၎င်းက ဆက်ပြောပါတယ်။

ရန်ပွဲမှာပါဝင်တယ်ဆိုကာ ဖမ်းဆီးခံခဲ့ရတဲ့ တကန်သာကျေးရွာပကဖနဲ့ ရွာခံစုစုပေါင်း ၁၁ ဦး အနက် ကျေးရွာပကဖအဖွဲ့ဝင် ကိုရဲဝင်း သေဆုံးသွားခဲ့တာကြောင့် ကျန်ဖမ်းဆီးခံရသူတွေရဲ့အသက်အန္တရာယ်အတွက် မိသားစုဝင်တွေက စိုးရိမ်နေကြပြီး ဧပြီ ၁၇ ရက် ညနေ ၄ နာရီခန့်မှာ ဖမ်းဆီးထားသူတွေ အမြန်ပြန်လွှတ်ပေးရေးအပါအဝင် ရွှေဘိုခရိုင်တပ်ရင်း ၅ ကို တကန်သာရွာခံ ၂၀၀ ခန့်က ကျေးရွာအတွင်းလှည့်လည် ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။