myaelatt athan

Sharing Information to the Local

⁨စစ်ကိုင်းတောင်ရိုးပေါ်က အပျက်အစီးတွေ ရှင်းလင်းဖို့ အကူညီလိုအပ် (ရုပ်/သံ)

စစ်ကိုင်း၊ ဧပြီ ၁၄၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်မှာ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ စေတီပုထိုးတွေနဲ့ ဘုန်းတော်ကြီး၊ သီလရှင်ကျောင်းတွေကို ရှင်းလင်းဖို့ အကူအညီလိုအပ်နေတယ်လို့ စစ်ကိုင်းတောင်ရိုးနေ စာချဆရာတော်တပါးဆီက သိရပါတယ်။

လုံးဝပြိုကျသွားတဲ့ စေတီပုထိုး၊ ကျောင်းတိုက်တွေကို သန့်ရှင်းရေးလုပ်ရှင်းလင်းဖို့၊ မပြိုကျပေမယ့် အသုံးပြုလို့မရတော့တဲ့ ကျောင်းတိုက်တွေကို ဖြိုချဖို့ အကူအညီတွေက ဆယ်ရာခိုင်နှုန်းတောင်မရောက်သေဘူးလို့ ဆိုပါတယ်။

“အစားအသောက်တွေလှူတာထက် ကျောင်းဆောင်အပြိုအပျက်တွေကို သန့်ရှင်းရေးလုပ်ဖို့ လိုတယ်။ ဒါတွေရှင်းလင်းပြီးမှ သံဃာတော်တွေ သီလရှင်တွေက ကျောင်းပြန်ဆောက်တာဖြစ်ဖြစ် တဲထိုးနေတာဖြစ်ဖြစ် လုပ်လို့ရမှာ။ ခုက အခြားကျောင်းတွေမှာ သွားနေရတာတွေရှိသလို ပြိုကျသွားတဲ့နားမှာ ထန်းလက်တဲ၊ မိုးကာတဲတွေနဲ့နေကြရတယ်။”လို့ စစ်ကိုင်းတောင်ရိုးနေ စာချဆရာတော်တပါးက မိန့်ပါတယ်။

ရိက္ခာတွေကိုတော့ အလှူရှင်တွေနဲ့ သီတဂူဆရာတော်ကလှူဒါန်းထားတဲ့အတွက် လုံလောက်မှုရှိပြီး သံဃာနဲ့ သီလရှင်တွေပြန်လည်သီတင်းသုံးနေနိုင်ဖို့ အဆောက်အဦတွေဆောက်လုပ်ဖို့လိုအပ်ချက်နဲ့ အပျက်အစီးတွေရှင်းလင်းဖို့သာ အဓိကလိုအပ်နေတယ်လို့ ဆရာတော်က ဆက်မိန့်ပါတယ်။

“နိုင်ငံတော်ရဲ့ စီမံချက်တရပ်အနေနဲ့ကို လုပ်ပေးဖို့ လိုအပ်နေတာ။ အဖွဲ့အစည်းတွေအနေနဲ့ကလည်း တရက်တတ်နိုင်ရင်လည်းတရက် ကူညီပေးဖို့လိုနေတာ။ “လို့ ဆိုပါတယ်။

စစ်ကိုင်းတောင်ရိုးက အပျက်အစီးတွေကို ဌာနဆိုင်ရာ၊ လူမှုကူညီရေးအသင်းတွေက ရှင်းလင်းနေကြပေမယ့် စက်ယန္တရားနဲ့လူအင်အားနည်းပါးတာကြောင့် ခရီးမတွင်ဖြစ်နေပြီး ငလျင်လှုပ်ပြီးတာ ၁၅ ရက်ကြာလာပေမယ့် စစ်ကိုင်းတောင်ရိုးက အပျက်အစီးတွေကိုရှင်းလင်းနေရာမှာ ဆယ်ပုံတပုံလောက်တောင်မပြီးသေးဘူးလို့ သိရပါတယ်။

စစ်ကိုင်းတောင်ရိုးရှိ စေတီပုထိုးနဲ့ ကျောင်းတွေက နှစ်ပေါင်းကြာမြင့်နေတဲ့ အဆောက်အအုံတွေဖြစ်တာကြောင့် ငလျင်လှုပ်ခတ်လို့ စေတီပုထိုး၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းအားလုံးရဲ့ ၉၉ ရာခိုင်နှုန်းခန့် ပျက်စီးမှုရှိခဲ့တယ်လို့ သံဃာတော်တွေထံက သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတောင်ရိုးမှာ မှီတင်းနေထိုင်ကြတဲ့ ရဟန်း၊ ကိုရင် ၁၀,၀၀၀ ကျော်နဲ့ သီလရှင်အပါး ၈,၀၀၀ ကျော်ရှိတယ်လို့ အထက်ပါစာချဆရာတော်ဆီက သိရပါတယ်။

ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတောင်ရိုးရှိ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း ၅၇ ကျောင်းက ရဟန်း ၂၅ ပါး၊ ကိုရင် ၂၉ ပါး၊ သီလရှင် ၅၀ ပါး၊ လူအမျိုးသား အမျိုးသမီး ၄၅ ဦး၊ စုစုပေါင်း ၁၇၀ ယောက် သေဆုံးခဲ့တယ်လို့ သီတဂူဗုဒ္ဓတက္ကသိုလ်ရဲ့ ဧပြီ ၁၁ ရက်ထုတ်စာရင်းအရ သိရပါတယ်။

စာတည်း – လင်း၊ တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။