ဝေါ၊ ဧပြီ ၁၃၊ ၂၀၂၅။
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာမှာ ဗုံးသီးကျလို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရတယ်လို့ ရွာခံတွေဆီက သိရပါတယ်။
ဧပြီ ၁၂ ရက်မနက် ၁၁ နာရီခန့်မှာ သူရဲသမိန်ကျေးရွာရှိ အမှတ် ၁ ရပ်ကွက် မိန်းလမ်းမပေါ်ကို ဗုံးသီး ၁ လုံးကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
“လက်နက်ကြီးအသံကြားလို့ဆိုပြီး ပြေးထွက်ချိန် လမ်းပေါ်ကို ဗုံးသီး ၁ လုံးကျလာတယ်။ သေသူက ခြေထောက်တွေလည်း ပြတ်သွားတယ်။ ခေါင်းလဲကွဲသွားတယ်။ ဆိုင်ထဲက ပြေးပုန်းရင်း မှန်သွားတာ။”လို့ ရွာခံတဦးက ပြောပါတယ်။
ဗုံးသီးပေါက်ကွဲစမှန်တာကြောင့် ဗုံးသီးကျနေရာအနီးက လက်ဖက်ရည်ဆိုင်ပိုင်ရှင် အသက် ၅၀ ကျော်အရွယ် ဒေါ်ကေသီဝင်းမှာ ခြေထောက်ပြတ်၊ ဦးခေါင်းကွဲဒဏ်ရာနဲ့ နေရာတင်သေဆုံးသွားပြီး သူ့ရဲ့အမျိုးသားဖြစ်သူ ကိုအောင်နိုင်နဲ့ နောက်ထပ် အသက် ၃၀ ကျော်အရွယ်အမျိုးသမီး ၂ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။
ဒီဗုံးသီးဟာ သူရဲသမိန်ရွာအခြေစိုက် ပျူစောထီးနဲ့ စစ်ကောင်စီအဖွဲ့တွေတပ်စွဲထားတဲ့နေရာကနေ လွှတ်တင်ခဲ့တဲ့ဒရုန်းမှာပါလာတဲ့ ဗုံးသီးဖြစ်နိုင်ပြီး ရွှေကျင်မြို့နယ်၊ ကွင်းဆိပ်ဘက်ကို ဗုံးချဖို့သွားချိန်မှာ မတော်တဆဖြစ်ပြီး ပြုတ်ကျတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုပါတယ်။
ထိခိုက်သေဆုံးဒဏ်ရာရသူတွေကိုတော့ ရွာခံတွေက မြစ်ကျိုးတိုက်နယ်ဆေးရုံကို တင်ပို့ပေးခဲ့ကြရတယ်လို့ သိရပါတယ်။
သူရဲသမိန်ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်အနီးမှာ စစ်ကောင်စီနဲ့ပျူစောထီးအင်အား ၅၀ ခန့်တပ်စွဲနေထိုင်ပြီး အဲဒီကနေ ကျိုက်ထိုမြို့နယ်နဲ့ ရွှေကျင်မြို့နယ်ဘက်ခြမ်းက တော်လှန်ရေးအဖွဲ့တွေရှိနိုင်တဲ့ ကျေးရွာတွေဘက်ကို ဒရုန်းနဲ့ဗုံးချတာ၊ လက်နက်ကြီးပစ်ခတ်တာတွေ မကြာခဏပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် သူရဲသမိန်ရွာရှိ ပျူစောထီးနဲ့ စစ်ကောင်စီတပ်စွဲထားတဲ့နေရာကိုလည်း KNU ပူးပေါင်းတပ်တွေဘက်က ဒရုန်းနဲ့ဗုံးချတာ၊ စနိုက်ပါနဲ့လာရောက်ပစ်ခတ်တာတွေလည်းရှိတယ်လို့ ဆိုပါတယ်။
ခုကျရောက်တဲ့ဗုံးသီးဟာ ဘယ်အဖွဲ့အစည်းဘက်ကပစ်ခတ်တယ်ဆိုတာကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။
မတ် ၂ ရက်ကလည်း ဝေါမြို့နယ်၊ အညာစုကျေးရွာမှာ သူရဲသမိန်ကျေးရွာအထိုင်ချ ပျူစောထီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်လို့ အမျိုးသမီး ၁ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။
စာတည်း – လင်း