ဒီပဲယင်း၊ ဧပြီ ၁၂၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကျခတ်ကျေးရွာ တောင်ငူဘုန်းကြီးကျောင်းကို ဧပြီ ၁၂ ရက် ဒီနေ့လယ်ပိုင်းမှာ စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကိုရင် ၃ ပါး၊ ကျောင်းသား ၁ ဦးနဲ့ စစ်ရှောင် ၂ ဦးသေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီကနေ့ နေ့လယ် ၁ နာရီ ၅၅ မိနစ်ခန့်မှာ မိတ္ထီလာလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးက ကျခတ်ကျေးရွာ တောင်ငူဘုန်းကြီးကျောင်းကို ပေါင် ၂၅၀ ဗုံးသီး ၂ လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။



“တိုက်ပွဲဖြစ်နေတာလည်း မရှိဘူး၊ စစ်ကြောင်းထိုးနေတာလည်း မရှိဘူး၊ ဒီမှာက PDF တဲတွေ ဆောက်ထားတာက မရှိဘူး၊ ဘုန်းကြီးကျောင်းမှာ ကိုရင်လေးတွေ ဥပုသ်နေ့မလို့ ဆွမ်းစားပြီးတော့ စုထိုင်နေတဲ့အချိန် ဗုံးကြဲသွားတာ၊” လို့ ဒီပဲယင်းဒေသခံတဦးက ပြောပါတယ်။
ဗုံးကြဲချိန် ၁၆ နှစ် အရွယ် ကိုရင် ၃ ပါး၊ အသက် ၁၄ နှစ် အရွယ်ကျောင်းသား ၁ ဦး၊ အသက် ၆၀ ဝန်းကျင် အရွယ် အဘိုး ၁ ဦးနဲ့ အဘွား ၁ ဦးသေဆုံးကာ စစ်ရှောင် ၂ ဦးနဲ့ နောက်ထပ် ကိုရင် ၃ ပါးလည်း ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


ဒါ့အပြင် ဘုန်းကြီးကျောင်းတိုက်ရဲ့ လှေခါးဆောင်နဲ့ အနောက်ခန်းခေါင်မိုးတွေလည်းပျက်သွားတယ်လို့ ဒီပဲယင်းဒေသခံတဦးက ပြောပါတယ်။
ကျခတ်ကျေးရွာဟာ အိမ်ခြေ ၃၀၀၊ အိမ်ထောင်စု ၃၅၀ နဲ့ လူဦးရေ ၂ ထောင်ကျော်ရှိတဲ့ကျေးရွာဖြစ်ပြီး ရွာထဲမှာ ဘုန်းကြီးကျောင်း ၄ ကျောင်းရှိကာ အခုဗုံးကြဲခံရတာကတော့ ရွာအနောက်ဘက်မှာရှိတဲ့ တောင်ငူဘုန်းကြီးကျောင်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်ကလည်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဇင်းကလဲကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခ်ုက်ခဲ့တာကြောင့် ဒေသခံအမျိုးသမီး ၂ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။
စာတည်း – လင်း