myaelatt athan

Sharing Information to the Local

စစ်မှုထမ်းကြေးကောက်တဲ့ အုပ်ချုပ်ရေးမှူး အသတ်ခံရ

0
0

မင်းလှ၊ ဧပြီ ၁၂၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာ စစ်မှုထမ်းကြေးအဓမ္မကောက်တဲ့ အုပ်ချုပ်ရေးမှူး ၁ ဦးကို သေနတ်နဲ့ပစ်ခတ်ရာသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က သတင်းထုတ်ပြန်ပါတယ်။

မင်းလှမြို့နယ်၊ သင်တောကန်အုပ်စု၊ သင်တောကန်ရွာက အသက် ၅၀ နှစ်ဝန်းကျင် အုပ်ချုပ်ရေးမှူး ကြည်လှိုင်ကို ဧပြီ ၁၁ ရက် မွန်းလွဲ ၂ နာရီလောက်က စစ်ကွင်းမြို့ အနောက်ဘက်အထွက် လမ်းပေါ်မှာ သေနတ်နဲ့ ၇ ချက် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ဆိုပါတယ်။

“သူ့ကို ရှင်းလင်းဖို့ ချောင်းနေတာကြာပြီ။ သူက ဆိုင်ကယ်နောက်မှာ မိန်းမတယောက်က အမြဲပါနေလို့ မလုပ်ရဘူး။ မနေ့ကတော့ သူကတယောက်တည်းဆိုင်ကယ်နဲ့ ရွာကိုပြန်လာတုန်း ဆော်တာ ပွဲချင်းပြီး”လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ နဲ့ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

အုပ်ချုပ်ရေးမှူး ကြည်လှိုင်ဟာ ရဲဝန်ထမ်းဟောင်းတဦးလည်းဖြစ် စစ်တပ်အမာခံထောက်တိုင်ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့သတင်းတွေကို စစ်ကောင်စီဆီကိုပေးပို့တာ၊ စစ်မှုထမ်းကြေးလစဥ် ကောက်တာ၊ လူငယ်တွေကို စစ်မှုထမ်းဖို့အတွက်စုဆောင်းတာတွေ လုပ်တဲ့အတွက် အခုလိုပစ်ခတ်တာလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၈ ရက် မွန်းလွဲ ၁ နာရီကလည်း အုတ်ဖိုမြို့နယ် သရက်နှစ်ဖျားလိမ်အုပ်စု ပေါင်းတည်စုရွာက လက်ပစ်ဗုံးဆောင်တဲ့ ရာအိမ်မှူးတဦးကိုလည်း အုတ်ဖိုမြေအောက် ပြောက်ကျားတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးခဲ့ပါသေးတယ်။

သတင်း – မောင်ဆွေအင်း၊ စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။