ကျောက်တံခါး၊ ဧပြီ ၁၁၊ ၂၀၂၅။
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ အုန်းနဲပင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းက စစ်ကောင်စီတပ်သား ၁ ဦး ဧပြီ ၉ ရက် မှာဘက်ပြောင်းခိုလှုံခဲ့တယ်လို့ ပဲခူးခရိုင်၊ အမှတ် ၂ တပ်ရင်း၊ P2-3702 တပ်ဖွဲ့ဆီက သိရပါတယ်။
ပဲနွယ်ကုန်း-နတ်သံကွင်းလမ်းပေါ်ရှိ အုန်းနဲပင်ရွာစခန်းမှာတာဝန်ကျနေတဲ့ တိုက်ကြီးမြို့ဇာတိ အသက် ၃၉ နှစ်ရှိ စစ်ကောင်စီတပ်သားဟာ MA 1 ၁ လက်၊ ကျည်ဘောက် ၃ ခု၊ 5.56 ကျည် ၁၀၅ တောင့်နဲ့အတူ ဘက်ပြောင်းခိုလှုံလာတာလို့ ဆိုပါတယ်။
“ကျနော်တို့နဲ့ ကြိုတင်ချိတ်ဆက်တာမရှိဘူး။ ကင်းစောင့်တဲ့အချိန်မှာ လက်နက်ယူပြီးတော့ ထွက်ပြေးလာတာ။ သူစစ်မှုထမ်းတာက ၂ လလောက်ပဲရှိသေးတယ်။”လို့ ပဲခူးခရိုင်၊ အမှတ် ၂ တပ်ရင်း၊ P2-3702မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
လက်နက်တွေပါလာတဲ့အတွက် အဆိုပါစစ်ကောင်စီတပ်သားကို ငွေကျပ် ၁၀ သိန်းချီးမြှင့်ခဲ့ပြီး NUG အစိုးရရဲ့ “ပြည့်သူရင်ခွင်”နဲ့ ချိတ်ဆက်ကာ လိုအပ်တာတွေကို ဆက်လက်ဆောင်ရွက်ပေးထားတယ်လို့ သူက ဆက်ပြောပါတယ်။
ပဲနွယ်ကုန်း၊ နတ်သံကွင်း၊ ကျောက်ကြီး စတဲ့နေရာတွေက နောက်ထပ်ဘက်ပြောင်းခိုလှုံလိုတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့ ၎င်းတို့ ဆွေမျိုးသားချင်းတွေကတဆင့် ပဲခူးခရိုင်၊ အမှတ် ၂ တပ်ရင်း၊ P2-3702 Page ကနေ ချိတ်ဆက်နိုင်တယ်လို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။
P2 -3702 ဆီကို ၂၀၂၅ ဖေဖော်ဝါရီကနေ အခုဧပြီ ၁၁ ရက်အထိ လက်နက်နဲ့ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးရှိပြီလို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ – NUG၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၂၄ ခုနှစ်၊ စစ်ရေးဖြစ်ပေါ် တိုးတက်မှုအခြေအနေ အစီရင်ခံစာအရ နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တနှစ်တာအတွင်း စစ်ကောင်စီတပ်သား ၄၂၅ ဦး၊ ရဲ ၁၄၂ ဦး ၊ စုစုပေါင်း ၅၆၇ ဦး အလင်းဝင်လာခဲ့တယ်လို့သိရပါတယ်။
စာတည်း – လင်း