myaelatt athan

Sharing Information to the Local

ပခုက္ကူမှာ အိမ်စီးကားနဲ့ KTV ကိုလာတဲ့ စစ်ကောင်စီအဖွဲ့ပစ်ခတ်ခံရပြီး ဗိုလ်မှူးအပါ ၂ ဦး သေဆုံး

ပခုက္ကူ ၊ ဧပြီ ၁၁ ၊ ၂၀၂၅ ။

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ အိမ်စီးကားနဲ့လိုက်ပါလာတဲ့ စစ်ကောင်စီတပ် ဗိုလ်မှူးနဲ့အဖွဲ့ကို ပစ်ခတ်ခဲ့ပြီး ဗိုလ်မှူးအပါ ၂ ဦးသေဆုံးတယ်လို့ Earthquake People Defence Force တပ်ဖွဲ့က ပြောပါတယ်။

ဧပြီ ၁၀ ရက် ယမန်နေ့ ည ၉ နာရီဝန်းကျင်မှာ စက်မှုဇုံရပ်ကွက်ရှိ အိမ်ဖြူတော် KTV ကို အိမ်စီးကားနဲ့လာတဲ့ ဗိုလ်မှူးနဲ့အဖွဲ့ကို ရထားဘူတာနဲ့ KTV အကြားမှာ စောင့်ကြိုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

သေနတ်ပစ်ခတ်ခံရတာကြောင့် Mark II အိမ်စီးကားပေါ်ပါ ပေါက်မြို့အခြေစိုက် ကပစ ၂၄ တပ်မှ ဗိုလ်မှူး သော်ဇင်ဦး နဲ့ အိမ်ဖြူတော် KTV ပိုင်ရှင် ဦးမြင့်ဦး ဆိုသူတို့ သေဆုံးပြီး ၁ ဦး လွတ်မြောက်သွားတယ်လို့ သိရပါတယ်။

“ ဗိုလ်မှူး သော်ဇင်ဦး တာဝန်ကျတာက ကပစ ၂၄ လို့ သိရတယ်၊ ပခုက္ကူကို သူခွင့်နဲ့ ပြန်လာတာ၊ အိမ်‌ဖြူတော် KTV ပိုင်ရှင်ကလည်း စစ်တပ်နဲ့ပေါင်းပြီး ထောက်ပို့လုပ်နေတာ၊ ကျနော်တို့မြို့နယ်မှာ သူ့အမည်ပျက်စာရင်းတွေလည်းရှိတယ်။” လို့ Earthquake People Defence Force သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ အရှည်ကြီးက ပြောပါတယ်။

ပစ်ခတ်ပြီးတဲ့နောက် ဗိုလ်မှူး သော်ဇင်ဦး ထံကနေ Mark II ကား ၁ စီး သိမ်းဆည်းရမိခဲ့ပြီး လက်ရှိမှာ သေဆုံးဗိုလ်မှူးနဲ့ KTV ဆိုင်ပိုင်ရှင်တို့ ၂ ဦးရဲ့ ရုပ်အလောင်းတွေ ပခုက္ကူရင်ခွဲရုံကို ရောက်ရှိနေပြီလို့ မြေပြင်သတင်းပေးပို့ချက်တွေကို ကိုးကားပြီး တာဝန်ခံ အရှည်ကြီးက ဆက်ပြောပါတယ်။

ပခုက္ကူမြို့ခံတဦးကတော့ ယမန်နေ့ညပိုင်းက အဆိုပါ ရထားဘူတာနဲ့ အိမ်ဖြူတော် KTV အကြားမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ကြောင်း ပြောပါတယ်။

“ အဲ့ကြားက လူပြတ်တယ်၊ ရပ်ကွက်မကျ ဘာမကျ ရွာငယ်လေးပုံစံ အိမ်လေးတွေတော့ရှိတယ်။ အဲ့နားမှာ ပစ်ခံရတာ။” လို့ ဆိုပါတယ်။

ပစ်ခတ်မှုကို Earthquake People’s Defense Force၊ Thu Rein TR၊ Six Senses Guerrilla Force၊ Justice Revolution Force၊ Hunter PKU၊ Black Cheater၊ပခုက္ကူခရိုင်တပ်ရင်း၂ (The Red Revolters တပ်ဖွဲ့)၊ မြိုင်ပကဖ တပ်ရင်း ၃ တပ်ခွဲ ၄ ၊ ရွှေညာမြေတပ်ဖွဲ့ (ပခုက္ကူ) တို့က ပူးပေါင်းလုပ်‌ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၆ ရက်ကလည်း ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ရွာ၊ ပခုက္ကူ-ကမ္မလမ်းပေါ်က စစ်ကောင်စီနဲ့ ပျူစောထီးဂိတ်ကို Earthquake Prople’s Defence Force က ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း – ဟိန်းစံ