Sky Villa ပြိုကျမှု ရုပ်အလောင်း ၁၄ လောင်းထပ်တွေ့

မန္တလေး၊ ဧပြီ ၈၊ ၂၀၂၅။

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် Sky Villa ကွန်ဒိုပြိုကျမှုကနေ ဧပြီ ၇ ရက် မနေ့က တရက်တည်းမှာတင် အလောင်း ၁၄ လောင်းထပ်မံတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Sky Villa အဆောက်အဦပျက်စီးမှုအောက်မှာ ရှိနေသူတွေကို တရုတ်နိုင်ငံ Blue Sky Rescue အဖွဲ့ဝင်တွေနဲ့အတူ မြန်မာနိုင်ငံမီးသတ်၊ ဒေသတွင်း လူမှုကူညီရေးအဖွဲ့တွေနဲ့ တောင်ငူ၊ ဘားအံမြို့တွေက လူမှုကူညီရေးအဖွဲ့ဝင်တွေက ဆက်လက်ရှာဖွေနေရာမှာ အလောင်းတွေ တွေ့ရှိခဲ့တာလို့ဆိုပါတယ်။

“မနေ့ညပိုင်းက ၁၂ လောင်းထွက်တယ်။ မီးသတ်က ထုတ်ပြန်ထားတာဟုတ်မယ်။ ကျနော်ရောက်တဲ့ အချိန်ထိ အဲလောက်ပဲထွက်သေးတယ်။ မနေ့ကတည်းက တရုတ်တွေကပြန်ထွက်သွားပြီ။ မြန်မာတွေပဲကျန်တော့တာ။ “လို့ မန္တလေးအခြေစိုက် လူမှုကူညီရေးအသင်းဝင်တဦးကပြောပါတယ်။

မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ Sky Villa အဆောက်အဦအပျက်အစီးအောက်မှာ မနက် ၈ နာရီကျော်ကနေ ည ၆ နာရီ မိနစ် ၃၀ အချိန်ထိ ကလေးအလောင်း ၄ လောင်းနဲ့ လူကြီးအလောင်း ၁၀ လောင်း သယ်ထုတ်ထားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တရုတ်နိုင်ငံ Blue Sky Rescue အဖွဲ့ဝင်တွေက ဧပြီ ၇ ရက်က ပြန်သွားပြီဖြစ်လို့ Sky Villa အပျက်အစီးအောက်က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဧပြီ ၈ ရက်ကစတင်ပြီး မြန်မာ လူမှုကူညီရေးအဖွဲ့ဝင်တွေနဲ့ဆက်လက်ရှာဖွေနေပါတယ်။

“အလောင်းတွေ တွေ့တဲ့နေရာက လှေကားရင်းနားမှာစုပြုံတွေ့တာလို့ သိရတယ်။ မြို့ခံတယောက် တင်ထားတဲ့ ဗွီဒီယိုဖိုင်ဆို သူကပြေးထွက်လာတာလွတ်သွားပြီးသူနောက်ကလူတွေက ပိပြီးသေသွားတာလို့ပါတယ်။ ရှာဖွေရေးတွေတော့ဆက်လုပ်နေတုန်းပဲ”လို့ တောင်ငူအခြေစိုက် လူမှုကူညီရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

အဆောက်အဦထဲမှာ လူဦးရေ ဘယ်လောက်ထိနေထိုင်တယ်ဆိုတဲ့ စာရင်း၊ အသက်ရှင်လျက် ထွက်လာနိုင်သူစာရင်းနဲ့ရှာဖွေတွေ့ရှိထားတဲ့ အလောင်းစာရင်းတွေကိုတော့ မြို့နယ်ထွေအုပ်နဲ့ Sky Villa တာဝန်ရှိသူတွေထံမှာသာရှိနေပြီး တရားဝင်ထုတ်ပြန်ထားတာမျိုးလည်းမရှိတာဘူးလို့ ဆိုပါတယ်။

တရုတ်နိုင်ငံ Blue Sky Rescue အဖွဲ့ဝင်တွေရဲ့ ကူညီကယ်ဆယ်ရေးအသုံးပြုစက်နဲ့ရှာဖွေတွေ့ရှိမှုအရ အပျက်အစီးအောက်မှာ အလောင်း ၂၀၀ လောက်ပိမိနေတာရှိတယ်လို့ အထက်ပါလူမှုကူညီရေး အဖွဲ့ဝင်က ဆက်ပြောပါတယ်။

ဧပြီလ ၈ ရက်အထိ မန္တလေးမြို့အတွင်းက အပျက်အစီးတွေအောက်မှာ သေဆုံးသူအလောင်းတွေကို မီးသတ်နဲ့လူမှုကူညီရေးအဖွဲ့တွေက ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး သေဆုံးသူအလောင်းတွေလည်း ဆက်လက်တွေ့ရှိနေရသေးတယ်လို့ မန္တလေးအခြေစိုက် လူမှုကူညီရေးအသင်းဝင်က ဆက်ပြောပါတယ်။

စစ်ကောင်စီသတင်းပြန်ကြားရေးရဲ့ ဧပြီ ၇ ရက်သတင်းထုတ်ပြန်ချက်အရ ငလျင်ဒဏ်ကြောင့် နိုင်ငံတဝန်း လူဦးရေ ၃,၆၀၀ ဦး သေဆုံးထားပြီး ဒဏ်ရာရသူ ၅,၀၁၇ ဦးနဲ့ပျောက်ဆုံးနေသူ ၁၆၀ ဦးရှိတယ်လို့ သိရပါတယ်။

ပုံစာ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။