ပြည်မှာ အိုးဝေတက္ကစီမောင်းသူ သက်ကြီးပိုင်းအမျိုးသား အသတ်ခံရ

ပြည်၊ ဧပြီ ၅၊ ၂၀၂၅။

ပဲခူးတိုင်း၊ ပြည်မြို့၊ ကန်သုံးဆင့်ဘုန်းကြီးကျောင်း(ရိပ်သာ)အနီးမှာ အိုးဝေ(သုံးဘီးတက္ကစီ)မောင်းတဲ့ အမျိုးသားတဦးအသတ်ခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အသတ်ခံရသူက ပြည်မြို့၊ ရွှေတံခါးရပ်ကွက်နေသူ အသက် ၆၀ ကျော်အရွယ် ဦးဖိုးလုံးဖြစ်ပြီး ဧပြီ ၄ ရက် ညနေ ၃ နာရီကျော်မှာ ကန်သုံးဆင့်ဘုန်းကြီးကျောင်းအနီးမှာ ဓားဒဏ်ရာနှစ်ချက်နဲ့ သေဆုံးနေတာကိုတွေ့ခဲ့ရတာလို့ဆိုပါတယ်။

“အိုးဝေနဲ့အလောင်းက ကိုက် ၂၀၀ လောက်ကွာတယ်။ အလောင်းမှာဓားဒဏ်ရာနှစ်ချက်ရထားတယ်။ သွေးတွေကတော့ လမ်းမှာတလျောက်ကျကျန်ခဲ့တာ။ ဓားဒဏ်ရာက လည်ပင်းတချက်၊ နောက်ကျောဘက်မှာ တချက်တွေ့ရတယ်။ သုံးဘီးကတော့ လမ်းဘေးချောက်ထဲကျနေတယ်။ “လို့ ကူညီမှုလုပ်ပေးခဲ့သူတဦးက ပြောပါတယ်။

အသတ်ခံရသူဟာ ရန်ပြုခံရလို့ ပြန်လည်ခုခံရင်း ထွက်ပြေးရာကနေသေဆုံးသွားတာဖြစ်နိုင်ပြီး သေဆုံးသူလက်ထဲမှာ သံတုတ်တချောင်းကိုတွေ့ရသလို အိုးဝေပေါ်မှာတော့ သွေးစွန်းနေတဲ့ ကြက်သွန်လှီးဓားအသစ်တချောင်းကို တွေ့ရတယ်လို့ဆိုပါတယ်။

အိုးဝေ၊ ဖုန်း၊ ပိုက်ဆံနဲ့ပစ္စည်းတွေကတော့ ပျောက်ဆုံးနေတာမျိုးမရှိဘဲ အခင်းဖြစ်တဲ့နေရာမှာပဲရှိနေပြီး သတ်တဲ့သူကိုတော့ ဧပြီ ၅ ရက်ထိ ဖမ်းမိတာမျိုးမရှိသေးဘူးလို့ သူကဆက်ပြောပါတယ်။

မိသားစုဝင်တွေရဲ့ပြောပြချက်အရ ဦးဖိုးလုံးဟာ စိတ်သဘောထားကောင်းမွန်ပြီး ပတ်ဝန်းကျင်နဲ့ ရန်ဖြစ်တာမျိုး၊ ပြသနာရှိဖူးတာမျိုးလည်းမရှိဘူးလို့ သိရပါတယ်။

ဦးဖိုးလုံးရဲ့အလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက ပြည်ဆေးရုံကိုပို့ဆောင်ကာ စစ်ဆေးမှုတွေလုပ်ပြီးနောက် မိသားစုဝင်တွေက နေအိမ်ပြန်သယ်ပြီး နာရေးပြုလုပ်နေတယ်လို့ ဆိုပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။