myaelatt athan

Sharing Information to the Local

ညောင်ဦးမှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း ၈ ခုခွဲထိုးနေလို့ ဒေသခံ ၂၀,၀၀၀ ကျော် ထွက်ပြေးနေရပြီး ဖမ်းဆီးခံရသူတွေလည်းရှိ

ညောင်ဦး၊ ဧပြီ ၂၊ ၂၀၂၅။

မန္တလေးတိုင်း၊ ညောင်းဦးမြို့နယ်မှာ စစ်ကောင်စီအင်အား ၆၀၀ ကျော်နဲ့စစ်ကြောင်းထိုးနေလို့ ဒေသခံ ၂၀,၀၀၀ ကျော်ထွက်ပြေးနေရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတွေထံက သိရပါတယ်။

မတ် ၃၁ ရက်ကစတင်ကာ ဒီကနေ့ ဧပြီ ၂ ရက်အထိ ညောင်ဦးမြို့နယ်အတွင်းက ကျေးရွာ ၂၆ ရွာကို စစ်ကြောင်း ၈ ကြောင်းခွဲကာ အင်အားအလုံးအရင်းနဲ့ လှည့်ပတ်စစ်ကြောင်း ထိုးနေတာလို့ ဆိုပါတယ်။

” ဒီနေ့ထိ စစ်ကြောင်းထိုးနေတုန်း။ တိုက်ပွဲဖြစ်တာတော့မရှိသေးဘူး။ မိုင်းကွဲသံတွေတော့ ကြားရတာရှိတယ်။ သူတို့စစ်ကြောင်းကများတော့ တော်လှန်ရေးအဖွဲ့တွေ အကုန်နောက် ဆုတ်နေရတယ်။ စစ်ကြောင်းက ၈ ကြောင်းတောင်ပတ်ထိုးနေတော့ ဘယ်သူမှဝင်မတိုက် နိုင်ကြဘူး။ မိုင်းတွေလောက်ဘဲ ခွဲနိုင်ကြတယ်”လို့ ညောင်ဦးမြို့နယ်အခြေပြု ဒေသကာ ကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေကြောင့် ညောင်ဦးနဲ့ချောက်မြို့နယ်အကြားက ကျေးရွာတွေဖြစ် တဲ့ အနောက်အုံ၊ ချောင်းရှည်၊ ဇီးစမြင်မြောက်၊ ဇီးစမြင် အလယ်၊ ဇီးစမြင်တော၊ ကျောက် ပြင်ကန်၊ ယာတောကြီး၊ သချင်ကန်၊ စကား၊ မြောင်၊ ရွှေသဖြူ၊ ကန်သာ၊ လည်ကန်၊ မီးလောင်ဖျား( မြောက်)၊ မီးလောင်ဖျား(တောင်)၊ ကြအိုကျွန်း၊ ရွာသစ်၊ ဥယျာဥ်၊ ကျွန်းချောင်း၊ ကံစပ်တော၊ သပွတ်စုအပါအဝင် ကျေးရွာ ၂၆ ရွာက ဒေသခံ ၂၀,၀၀၀ ကျော်ဟာ ကျေးရွာတွေအနီးက တောစပ်၊ ယာခင်းတွေနဲ့ ဆွေမျိုးတွေရှိရာ အခြားမြို့ရွာတွေမှာ သွားရောက်ရှောင်တိမ်းနေထိုင်နေကြရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ချောင်းရှည်ရွာ ၊ ဇီးတမြင်ရွာ၊ ကန်သာရွာတွေအပါ စစ်ကြောင်းထိုး ဝင်ရောက်ရာ လမ်းကြောင်းတလျှောက်ကျေးရွာတွေက ဒေသခံ အမျိုးသား၊ အမျိုးသမီး ၇၀ ခန့် ဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူတွေလည်းရှိတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

၎င်းစစ်ကြောင်းတွေဟာ မတ် ၂၀ ရက်ကစတင်ကာ ကြအို၊ မြေသန့်တောင်၊ တက်မရေနံ မှော်၊ မုန်တိုင်း၊ ပြင်းချောင်းကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့သေးပြီး မတ် ၃၀ ရက်မှာ မြေသန့်တောင်ကျေးရွာအနီးဝင်ရောက်ချိန် ဒေသကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးထိခိုက်ပြီး ကား ၁ စီး ပျက်စီးခဲ့ပါသေးတယ်။

စစ်ကောင်စီအဖွဲ့တွေက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်စဥ် မတ် ၃၁ ရက်မှာ အရှေ့ကျောက်ပြင်ကန်ကျေးရွာက နေအိမ် ၂ လုံးမီးရှို့ခံရပြီး ကြက်၊ ဘဲ၊ ဝက်တွေအပါအဝင် စားသောက်ကုန်တွေနဲ့ တန်ဖိုးရှိပစ္စည်းအချို့တွေယူဆောငိတာတော့ရှိတယ်လို့ သိရပါတယ်။

ဧပြီ ၂ ရက် ဒီကနေ့အထိ အဆိုပါ စစ်ကြောင်းတွေဟာ မြေသန့်တောင်၊ ကြအို၊ မုန်တိုင်၊ ကျောက်ပြင်ကန်၊ ကဒိုင်း၊ စက၊ ဇီးတမြင်ရွာတွေမှာ ဆက်လက်တပ်စွဲနေထိုင်နေပြီး စစ် ကြောင်းထိုးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ – ဒီပဲယင်းမြို့နယ်က ကျေးရွာတွေ ၂၀၂၂ အတွင်း စစ်ကြောင်းထိုးခံရလို့ ဒေသခံတွေထွက်ပြေးရစဥ် ( ဓာတ်ပုံ – ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေး)။

သတင်း – ကျော်ကြီး၊ စာတည်း – ဟိန်းစံ