ကနီမှာ ဒရုန်းဗုံးချခံရလို့ ၈ နှစ်အရွယ်ကလေး ၁ ဦး ဒဏ်ရာရ

0 1
0 1

စစ်ကိုင်း၊ ဇန်နဝါရီ ၁၅၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ၊ နွားခြံကုန်းရွာမှာ ဒရုန်းဗုံးကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၈ နှစ်ဝန်းကျင်ယောက်ျားလေး ၁ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁ လုံး ပျက်စီးသွားတယ်လို့ ဒေသခံတဦးထံက သိရပါတယ်။

ဇန်နဝါရီ ၁၄ ရက် မနေ့ညနေ ၄ နာရီလောက်မှာ နွားခြံကုန်းရွာအစပ်၊ သာယာကုန်းဘုရားအနီး ဒရုန်းဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါနေရာအနီးရောက်ရှိနေတဲ့ စက်ပြင်မိသားစုဝင် ၃ ဦးအနက် ၈ နှစ်အရွယ် သားဖြစ်သူကို ဗုံးသီးအစထိမှန်သွားတာလို့ ဆိုပါတယ်။

ဒရုန်းဗုံးသီးစထိမှန်တာကြောင့် အသက် ၈ နှစ်ကလေးရဲ့ ပါးမှာ ဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပြီး ဆေးဝါးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

အဆိုပါဒရုန်းကို စစ်ကောင်စီတပ်ရဲ့ ရှပ်ပြေးတောင်ကာကင်းစခန်းဘက်က လွှတ်တင်ခဲ့တာလို့ ဒေသခံတွေကပြောပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

“ထွက်တိုင်း (စစ်ကောင်စီတပ်) တိုက်ခိုက်ခံနေရတဲ့အခါကျတော့ အဓိက မကျေနပ်လို့ သတင်းလိုက်ရှာရင်းနဲ့ ဟုတ်ဟုတ်၊ မဟုတ် လိုက်ချနေတာပဲ။ နမခ ကနေထွက်တိုင်း တိုက်ခိုက်ခံနေရတာ တောက်လျှောက် အဲဒါတွေကို သူတို့ကိုယ်တိုင်လည်း စစ်ကြောင်းမထိုးရဲဘူး၊ အတွင်းထဲကနေ ဒီလိုပုံစံပဲလုပ်တော့တာလေ။ အဲ့လိုလုပ်တိုင်း ပြည်သူတွေပဲ ထိတာများတယ်။” လို့ အထက်ပါဒေသခံက ပြောပါတယ် ။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၈ ရက်ကလည်း ကနီမြို့နယ်၊ ကျောက်လှေကားရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားလို့ နေအိမ် ၁၇ လုံး ပျက်စီးကာ တိရစ္ဆာန်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

စာတည်း – ဟိန်းစံ

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။