ဝက်လက်မှာ ဗုံး ၂ ကြိမ်ကြဲခံရလို့ နေအိမ် ၁၀ လုံးမီးလောင်ပျက်စီး

0 2
0 2

ဝက်လက်၊ ဧပြီ ၂၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မင်းကုန်းကြီးကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် နေအိမ် ၁၀ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ကျေးရွာနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဧပြီ ၁ ရက် နေ့လယ် ၂ နာရီခန့်မှာ ဂျက်ဖိုက်တာ ၁ စီးက ဗုံး ၂ လုံး၊ ညနေ ၃ နာရီကျော်ခန့်မှာ နောက်ထပ်ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံး ၂ လုံး ထပ်မံကြဲချခဲ့တယ်လို့ ဆိုပါတယ်။

“ရွာမြောက်ဖျားဘုန်းကြီးကျောင်းအနီးတဝိုက်က နေအိမ်တွေပေါ်ကျတာ။ ရွာကလူတွေက စစ်ဘေးရှောင်နေကြတာဆိုတော့ ပြည်သူတော့ထိခိုက်မရှိဘူး။ အိမ်တွေပေါ်ကျလို့ မီးလောင်တာတော့ရှိတယ်”လို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ကျေးရွာထဲဗုံးကျပေါက်ကွဲလို့ နေအိမ် ၁၀ လုံးမီးလောင်ပျက်စီးပြီး ဒေသခံတွေထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

မင်းကုန်းကြီးရွာကဒေသခံတွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလကတည်းက ရွာလုံးကျွတ်စစ်ဘေးရှောင်နေရတာဖြစ်ပြီး ကျေးရွာမှာ ပြန်လည်အခြေချနေနိုင်တာ မရှိသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ဝက်လက်မြို့နယ်ကို အင်အား ၂၀၀ ပါတဲ့ စစ်ကော်မရှင်တပ်တွေက စစ်ကြောင်းထိုးနေခဲ့တာဖြစ်ပြီး ဧပြီလ ၁ ရက်အထိသတင်းအရ စစ်ကြောင်းဟာ မဒဲအိုင်နဲ့ ရေဖြူရွာကြားမှာ ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါစစ်ကြောင်းကြောင့် မင်းကုန်းကြီး၊ ရေကမိုး၊ ရွာသစ်၊ ထုံးဘို၊ သစ်ဆိပ့်၊ ရှားကွဲ၊ တောကြီး၊ ဂူကြီး၊ ငါးဘတ်ချောင်း၊ ရေဖြူ၊ ချောင်းမီးတို၊ သရက်ပင်ဆိပ်ရွာတွေအပါအဝင် ကျေးရွာ ၁၁ ရွာလောက်က ဒေသခံ ၁၀,၀၀၀ ကျော်တိမ်းရှောင်နေကြရပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။