ကပစ ၂၂ တပ်က ဘေးပတ်လည်ရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်နေပြီး နေအိမ်ပေါ်ကျလို့ အမွှာညီအကိုအပါ မိသားစု ၅ ဦးသေဆုံး

0 4
0 4

ဒိန်းဂျားစောကျော်ငြိမ်း။

မကွေး၊ ဇန်နဝါရီ ၂၇၊ ၂၀၂၅။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကင်မွန်းတောင့်ရွာရှိ နေအိမ်တလုံးပေါ် လက်နက်ကြီးဗုံးသီးကျရောက်ပေါက်ကွဲလို့ ၅ နှစ်အရွယ်အမြွှာညီအကိုအပါ မိသားစုဝင် ၅ ဦး လက်နက်ကြီးဗုံးစ ထိမှန်သေဆုံးခဲ့တယ်လို့ ဆိပ်ဖြူအခြေစိုက်ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ် ။

ဇန်နဝါရီ ၂၆ ရက် မနေ့ညနေ ၅ နာရီခွဲမှာ ဆိပ်ဖြူ၊ ရွှေဘိုးကျွန်းရွာအခြေစိုက် အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၂)က ပစ်ခတ်တဲ့ လက်နက်ကြီးဗုံးသီးဟာ ၁၃ မိုင်အကွာမှာရှိတဲ့ ကင်မွန်းတောင့်ရွာအနောက်မြောက်ပိုင်းရှိ နေအိမ်တလုံးပေါ်ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“ ၁၂၀ မမ လက်နက်ကြီးလို့ ယူဆရတယ်။ အပြစ်မဲ့ပြည်သူ ၅ ဦးသေဆုံးပြီးတော့ ၃ ဦး ထိခိုက်ဒဏ်ရာရတယ်။ သေဆုံးထိခိုက်ဒဏ်ရာရသူတွေကတော့ မိသားစုဝင်ဆွေမျိုးသားချင်း‌တွေပါ။“ လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

လက်နက်ကြီးဗုံးသီး ကျရောက်ပေါက်ကွဲထိမှန်တာကြောင့် ကင်မွန်းတောင့်ရွာက အသက် ၅ နှစ်အရွယ် မောင်သုခမင်း နဲ့ သုခဝင်း အမွှာညီအကို၊ ၎င်းတို့ရဲ့ အဘွားတော်စပ်သူ အသက် ၈၀ နှစ် ဒေါ်ရွှေကျင်၊ ဦးလေးနဲ့အဒေါ်တော်စပ်သူ အသက် ၆၅ နှစ် ဦးမြင့်နိုင်နဲ့ အသက် ၅၅ နှစ် ဒေါ်သန်းနွဲ့ လင်မယား စုစုပေါင်း ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်နက်ကြီးအစထိမှန်တာကြောင့် မမြင့်မြင့်စိုး အသက် ၄၀ နှစ်၊ မဝိုင်းပြည့်ဖူး အသက် ၉ နှစ်၊မောင်ဖိုးပိန် အသက် ၂၅ နှစ်တို့မှာ ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့ပြီး အရေးပေါ်ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။

ဆိပ်ဖြူမြို့နယ်ပကဖတာဝန်ခံ ကိုသူရိန်က” ဒဏ်ရာရသူထဲကအမျိုးသမီး(ဒေါ်ရွှေကျင်)ကို ဆေးရုံပို့တယ်။ ခုမနက်လမ်းမှာပဲ သေဆုံးသွားတယ်။” လို့ ဆိုပါတယ်။

ဆိပ်ဖြူမြို့နယ် ရွှေဘိုးကျွန်းရွာအခြေစိုက် ကပစ ၂၂ တပ်ဟာ စစ်ကောင်စီတပ်သုံး လက်နက်ငယ်တွေ ထုတ်လုပ်နေတဲ့ တပ်ရင်းဖြစ်ပြီး စက်ရုံမှူးဟာ ဒုတိယဗိုလ်မှူးကြီး မြတ်သူ ဖြစ်တယ်လို့ ကပစတပ် အသိုင်းအဝိုင်းထံက သိရပါတယ်။

ဇန်နဝါရီ ၂၇ ရက် ဒီကနေ့မှာလည်း ကပစ ၂၂ တပ်ကနေ အနီးဝန်းကျင်ရှိကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။