ရေတာရှည်၊ မတ် ၂၁၊ ၂၀၂၆။
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကြို့ပင်သာကျေးရွာတောင်ဘက် ရေနုတ်မြောင်းအနီးမှာ အင်ဖက်ကောက် ထွက်တဲ့ အသက် ၁၂ အရွယ် မိန်းကလေးငယ် ကင်းပုန်းဝပ်နေတဲ့ စစ်ကော်မရှင်တပ်တွေရဲ့ ပစ်ခတ်မှု ကြောင့်သေဆုံးသွားတယ်လို့ ကျေးရွာနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ပစ်ခတ်ခံရသူဟာ သပြေကုန်းရွာမှာနေထိုင်သူ အသက် ၁၂ နှစ်အရွယ် မသဲနုခိုင်ဖြစ်ပြီး မတ်လ ၂၀ ရက် မနက် ၅ နာရီခန့်မှာ သပြေကုန်းကျေးရွာနေ ၂ မိုင်ခန့်အကွာ ကြို့ပင်သာကျေးရွာဘက် မိသားစုဝင် ၄ ဦးနဲ့အတူ အင်ဖက်ကောက်ဖို့သွားရာမှ ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။
“ဖက်ကောက်သွားတာကို ပစ်သတ်လိုက်တာ။ မရှိဆင်းရဲတဲ့အခါကျတော့ အင်ဖက်ကောက်စားတာပေါ့။ ရွာကထွက်သွားကြတာက မနက် ၄ နာရီလောက်ကထွက်သွားကြတာ။ ကြို့ပင်သာရွာတောင်ဘက်ကျတော့ မအေ(အမေ)လုပ်သူ ဒေါ်စံပယ်ဦးနဲ့သမီးလုပ်တဲ့သူ ၄ ဦးသွားတာကို စကစအဖွဲ့တွေက ပစ်လိုက်တာ။ ကင်းပုန်းနဲ့ တိုးပြီးပစ်ခံရတာ။ ပစ်ခံရတော့ မအေ(အမေ)လုပ်သူက ကုန်းအော်တော့ စကစအဖွဲ့က ထွက်သွားတယ်”လို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။
သေနတ်နဲ့ပစ်ခံရတဲ့ဒဏ်ကြောင့် မသဲနုခိုင်မှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အလောင်းကိုတော့ မိသားစုဝင်တွေက ရွာကိုပြန်သယ်ကာ နာရေးကို ကျေးရွာရဲ့ထုံးစံအရ မတ်လ ၂၁ ရက်မှာ သင်္ဂြိုဟ်သွားမယ်လို့ သိရပါတယ်။
ပစ်ခတ်ခံရတဲ့နေရာဟာ ရန်ကုန်-မန္တလေး အမြန်လမ်းနဲ့နီးကပ်ပြီး စစ်ကော်မရှင်တပ်တွေ မကြာခဏဆိုသလို ကင်းပုန်းဝပ်နေတတ်တဲ့နေရာဖြစ်တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်ကလည်း ရေတာရှည်မြို့နယ်၊ မရိုးခုံကျေးရွာအနီးမှာ စစ်ကော်မရှင်စစ်ကြောင်းနဲ့တွေ့တဲ့ PDF ၁ ဦးနဲ့ ပြည်သူ ၁ ဦးဖမ်းဆီးသတ်ဖြတ်ခံရလို့ သိရပါတယ်။
စာတည်း – လင်း