အိုးဘို၊ ဧပြီ ၁၊ ၂၀၂၅။
မန္တလေးတိုင်း၊ အိုးဘိုအကျဥ်းထောင်မှာ ငလျင်လှုပ်ခတ်မှုကြောင့် အဆောင် ၃ ခုပြိုကျပျက်စီးပြီး သေဆုံးသူ ၄ ဦးရှိခဲ့တယ်လို့ ဧပြီ ၁ ရက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။
ငလျင်ကြောင့် ထောင်တွင်းရှိ အမျိုးသားဆောင်အလုပ်ရုံရဲ့ အဆောင်တွေကြားမှာကာရံထားတဲ့ အုတ်ရိုးတွေပြိုကျလို့ အမျိုးသား ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာပြင်ထန်ရကာ အမျိုးသမီး အဆောင် ၁ နဲ့ အဆောင် ၂ ပြိုကျမှုကြောင့် အမျိုးသမီး အနည်းဆုံး ၂ ဦးသေဆုံးကာ ၁၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
အဆိုပါ ၃ ဦးအပါအဝင် စုစုပေါင်း ၄ ဦးသေဆုံးတယ်လို့ သိရှိထားပြီး ၁ ဦးကတော့ အမျိုးသားလား၊ အမျိုးသမီးလားဆိုတာ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
“လက်ရှိအကျဥ်းထောင်ရဲ့သေဆုံးမှုအခြေအနေကို စကစကလည်းစနစ်တကျနဲ့ တရားဝင် ထုတ်ပြန်ထားတာမတွေ့ရတဲ့အတွက် ကျနော်တို့အနေနဲ့ပြောရတဲ့အရေအတွက်က အင်မတန် ခက်ခဲတယ်။ ကျနော်တို့အတည်ပြုနိုင်တဲ့ အထဲမှာ ကျား ၁ ဦး၊ မ ၂ ဦးသေဆုံးမှုထဲမှာပါဝင်ခဲ့တယ်”လို့ PPNM ရဲ့ ဗဟိုကော်မတီဝင် ကိုသိုက်ထွန်းဦး ကပြောပါတယ်။
လက်ရှိအတည်ပြုထားတဲ့ သေဆုံးသူ ၄ ဦးမှာ အဆောင်ပြိုကျပြီးမှ ထိခိုက်ဒဏ်ရာရကာ သေဆုံးခဲ့တာဖြစ်ပြီး သူတို့တွေဟာ အကျဥ်းသားလား ထောင်ဝန်ထမ်းတွေလားဆိုတာကိုတော့ သီးခြားခွဲယူကောက်ခံနိုင်တာ မရှိသေးဘူးလို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ အကျဥ်းထောင်အတွင်းက သေဆုံး၊ ဒဏ်ရာရရှိတဲ့စာရင်းကို တရားဝင်မထုတ်ပြန်တာဟာ သေဆုံးသူအရေအတွက်ကို လျော့ချဖို့ကြိုးစားနေတာဖြစ်သလို အထူးသဖြင့် အကျဥ်းထောင် အဆောက်အဦတွေရဲ့ မခိုင်ခံ့မှု၊ လိုအပ်ချက်မှု၊ အားနည်းမှုတွေကို ပေါ်လွင်စေမယ့် ထုတ်ပြန်ချက်မျိုးကို မဖြစ်စေအောင် ချန်လှပ်ထားဖြစ်တယ်လို့ ကိုသိုက်ထွန်းဦး က သုံးသပ်ပါတယ်။
ဒါ့အပြင် ငလျင်လှုပ်ခတ်ချိန်အတွင်း နောက်ထပ်သေဆုံးသူ ၈ ဦးရှိတယ်လို့လည်းကနဦးသိထားပေမယ့် ဒီအခြေအနေကိုတော့ ဆက်လက်အတည်ပြုနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် မတ် ၃၁ ညနေပိုင်း စာရင်းတွေအရ နိုင်ငံတဝန်း သေဆုံးသူ ၂,၀၅၆ ဦးရှိလာပြီး ဒဏ်ရာရသူ ၃,၉၀၀ ကျော်နဲ့ ပျောက်ဆုံးသူ ၂၇၀ ကျော်ရှိနေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
စာတည်း – လင်း