တန့်ဆည်၊ မတ် ၁၆၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ပန်းတိမ်ကုန်းနဲ့ ရေရှင်ကျေးရွာကြားရှိ စစ်ရှောင်တွေနေထိုင်တဲ့ တဲတိုက်ပေါ်ဗုံးကြဲခံရတာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ တန့်ဆည်မြို့နယ်ပကဖတာဝန်ရှိသူတွေဆီက သိရပါတယ်။
မတ်လ ၁၆ ရက် ဒီမနက် ၁၀ နာရီခန့်မှာ စစ်ကော်မရှင်ရဲ့ဂျက်ဖိုက်တာ ၁ စီးက တဲတိုက်တွေပေါ်ကို ဗုံး ၂ လုံးကြဲချပြီး ပွိုင့်ဖွိုက်နဲ့ ၁ ကြိမ်ပစ်ခတ်သွားတယ်လို့ ဆိုပါတယ်။
“စစ်ရှောင်တဲတိုက်မှာ အဲ့အမျိုးသမီး ၁ ယောက်တည်းရှိနေတာ။ ကျန်တဲ့သူတွေက ဘုန်းကြီးကျောင်းသွားနေကြတာ။ သူကဆွမ်းချက်ရင်း ကျန်နေပုံရတယ်။ အဲဒါကြောင့် ၁ ယောက်တည်းဖြစ်တာ။ တဲပေါ်ကိုတည့်တည့်ကျတာ”လို့ တန့်ဆည်မြို့နာ်ပကဖတာဝန်ရှိသူက ပြောပါတယ်။


ဗုံးကြဲခံရလို့ အသက် ၄၀ အရွယ်အမျိုးသမီး ၁ ဦး နေရာမှာတင်သေဆုံးပြီး စစ်ရှောင်တွေနေတဲ့အဆောင်နဲ့ စပါးကျီ ၂ လုံး ပျက်စီးသွားပါတယ်။
အဆိုပါနေရာမှာနေထိုင်တဲ့ စစ်ဘေးရှောင်တွေဟာ တန့်ဆည်မြို့ပေါ်ကနေ စစ်ဘေးရှောင်လာတာ ၂ နှစ်ကျော်ရှိနေပြီး အိမ်ထောင်စု ၈ စု လူဦးရေ ၃၀ ၀န်းကျင်နေထိုင်ကြတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၅ ရက်ကလည်း တန့်ဆည်မြို့နယ်၊ သစ်စေးကုန်းကျေးရွာမှာ ဘုန်းကြီးကျောင်းထဲ ဗုံးကြဲခံရလို့ ကိုရင် ၁ ပါးအပါအဝင် ၅ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း