နတ်တလင်း၊ ဖေဖော်ဝါရီ ၂၆၊ ၂၀၂၆။
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ကံစုတာဂွရွာမှာ ဒေသခံကာကွယ်ရေးကင်းအဖွဲ့ တိုက်ခိုက်ခံရပြီး ၁ ဦးကျဆုံးခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၁ တာဝန်ရှိသူဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက်မနက် ၅ နာရီခန့်မှာ တောင်ညိုရွာကထွက်လာတဲ့ စစ်ကော်မရှင်နဲ့ပျူအင်အား ၇၀ ကျော်က အဆိုပါကင်းအဖွဲ့ရှိနေတဲ့နေရာကို ဝင်ရောက်တိုက်ခိုက်ရာ ၂ ဖက်ပစ်ခတ်မှု ၃ နာရီခန့်ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
“ကိုယ်တက်တာမဟုတ်ဘူး။ ဒီကချထားတဲ့ကင်းကိုသိလို့ လာတီးတာ။ ကင်းဆိုပေမယ့် ဒီက အုပ်လိုက်ကြီးဖြန့်ထားတာ။ သူတို့ ကိုယ့်ဆီကိုတက်လာတာ မိုးမလင်းခင်ကတည်းက။ ဒရုန်းလည်း သုံးတယ်။ သူပစ်ကိုယ်ပစ်ကပ်ပြီးပစ်ကြတာဆိုတော့”လို့ သာယာဝတီခရိုင်တပ်ရင်း ၁ တာဝန်ရှိသူက ပြောပါတယ်။
ပစ်ခတ်မှုအတွင်းသာယာဝတီခရိုင် တပ်ရင်း ၁၊ တပ်ခွဲ ၂ က အသက် ၂၀ ကျော်အရွယ် ကြယ်လေး ကျဆုံးပြီး နောက်ထပ် ၄ ဦးထိခိုက်ဒဏ်ရာရခဲ့ကာ ကျန်တပ်ဖွဲ့ဝင်တွေလည်း ကင်းနေရာကနေ ယာယီဆုတ်ခွာပေးထားရတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ဘက်ကလည်း ထိခိုက်ကျဆုံးနိုင်ပြီး ဖေဖော်ဝါရီ ၂၆ ရက် ဒီမနက်ပိုင်းထိ ကံစုတာဂွမှာ ရှိနေသေးတာကြောင့် အခြေအနေအတိအကျကို မသိရသေးဘူးလို့ဆိုပါတယ်။
စစ်ကော်မရှင်ထောက်ခံ တယ်လီဂရမ်ချန်နယ်တွေမှာလည်း တိုက်ပွဲဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးတယ်လို့ပုံနဲ့တကွဖော်ပြထားပြီး ဒီဖော်ပြချက်တွေကလည်း မှန်ကန်ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၁ တာဝန်ရှိသူ က အတည်ပြုပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၂ ရက်နဲ့ ၁၃ ရက်မှာလည်း ကွင်းစမ်၊ ညောင်လှ၊ ရွာသာယာကျေးရွာတွေကို မီးဝင်ရှို့တဲ့စစ်ကြောင်းနဲ့တိုက်ပွဲဖြစ်ပြီး စစ်ကော်မရှင်ဘက်က ၅ ဦးနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရကာ နေအိမ် ၃၁ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း