ခင်ဦးမှာ နေအိမ်တွေကို မီးရှို့ပြီးပြန်လာတဲ့ စစ်ကော်မရှင်အဖွဲ့တိုက်ခိုက်ခံရပြီး ဗိုလ် ၁ ဦးသေဆုံး

0 13
0 13

ခင်ဦး၊ ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မှာ နေအိမ်တွေကို မီးရှို့နေတဲ့ စစ်ကော်မရှင်အဖွဲ့တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့် ရှိသူ ၁ ဦး သေဆုံးတယ်လို့ ခင်ဦးမြို့နယ်ပကဖတာဝန်ရှိသူတွေထံက သိရပါတယ်။

ဆေးရုံကြီးအနီး အထကကျောင်းမှာအထိုင်ချထားတဲ့ ဗိုလ် ကျော်ကိုကို ဦးစီး အင်အား ၄၀ ခန့်ဟာ မြို့အနောက်ဘက်ရှိ ဆန်စက်နဲ့နေအိမ်တွေကို မီးရှို့ခဲ့ပြီး သံပြားကာကားတွေနဲ့မြို့တွင်းသို့ပြန်လာချိန် ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၆ နာရီခန့်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

” မြို့အနောက်ဘက်မှာ သူတို့ကိုပိတ်ထားတဲ့ဂိတ်တွေရှိတယ်။ အဲ့ဘက်ကိုထွက်လာတဲ့အချိန် ဖြစ်တာ။ မီးရှို့ပြီးမှ တိုက်ပွဲဖြစ်တာ။ ၁ နာရီကျော်ကျော်လောက် တိုက်ပွဲဖြစ်တာ။ ဗိုလ်အပါအဝင် ၂ ယောက်ဒဏ်ရာရတယ်။ ဒဏ်ရာရပြီးမှ တခါတည်းဆွဲခေါ်သွားတာ ဆေးရုံကနေ။ ဆေးရုံမှာမထားဘူး စာသင်ကျောင်းခေါ်သွားတယ်။ စာသင်ကျောင်းရောက်မှ ဆုံးသွားတာ။ ည ၉ နာရီ ၃၅ မိနစ်မှာဆုံးသွားတာ။”လို့ ခင်ဦးမြို့နယ်ပကဖတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

တိုက်ပွဲအတွင်း ရရှိဒဏ်ရာတွေနဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင် ဗိုလ် ကျော်ကိုကို သေဆုံး၊ နောက်ထပ်စစ်ကော် မရှင်တပ်သား ၁ ဦးလည်းဒဏ်ရာရရှိခဲ့ပြီး ဗိုလ် ကျော်ကိုကို ရဲ့နာရေးကို ခင်ဦးအထကကျောင်းအတွင်းပြင်ဆင်ထားကာ ဒီကနေ့ နေ့လယ် ၁ နာရီမှာ မြို့တောင်ဘက်သုဿာန်မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားရာနေရာကို ဖေဖော်ဝါရီ ၂၅ ရက် မနက်ပိုင်းမှာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် စစ်ကော်မရှင်တပ်ဖွဲ့တွေကိုင်ဆောင်တဲ့ MA 1 သေနတ် ၁ လက်ကိုသိမ်းဆည်းရရှိခဲ့ပြီး တိုက်ပွဲမဖြစ်မီ စစ်ကော်မရှင်တပ်သားတွေ မီးရှို့ခဲ့တာကြောင့် မြို့အနောက်ဘက်ရှိ ဆန်စက် ၂ လုံး၊ စျေးဆိုင် ၂ ဆိုင်နဲ့နေအိမ် ၅ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို ခင်ဦးမြို့နယ်ပကဖ၊ UG အဖွဲ့များနဲ့တိုက်နယ်ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။