မုံရွာ၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မအူကျေးရွာအနီး မုံရွာ-မန္တလေးလမ်းပေါ်မှာ ကြေးနီတွေသယ်လာတဲ့ စစ်ကော်မရှင်ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးတယ်လို့ ဖော်ဝါရီ ၂၃ ရက်မှာ MONYWA DYNAMITE – STF က သတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက်ညနေ ၆ နာရီခန့်မှာ စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေထွက်လာတဲ့ သံပြားကာကား ၆ စီး၊ ကြေးနီတင်တွဲကား ၆ စီးနဲ့ ၁၂ ဘီးကား ၂ စီးတို့ကို မအူစစ်ကော်မရှင်စစ်ဆေးရေးဂိတ်နဲ့ မီတာ ၁၅၀၀ အကွာအရောက်မှာ မိုင်းဆွဲပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။
“ပစ်ခတ်မှုဖြစ်တာက နာရီဝက် တနာရီလောက်ပေါ့။ သူတို့ကင်းနဲ့လည်း ထိတွေ့မှုဖြစ်တယ်။ မအူဂိတ် အထိုင်ကလည်း ၆၀ (၆၀ မမ စိန်ပြောင်း) နဲ့ ထုတယ်။ ၄၀ (၄၀ မမ ဗုံးပစ်လောင်ချာ) နဲ့လည်းထုတယ်။ ကားတွေဖြတ်တဲ့အချိန် လမ်းကင်းယူပေးတဲ့အဖွဲ့ ကျနော်တို့နဲ့မလှမ်းမကမ်းမှာရှိတာ။ “လို့ MONYWA DYNAMITE – STF တာဝန်ရှိသူက ပြောပါတယ်။
တိုက်ခိုက်နေချိန်အတွင်း ယာဥ်တန်းပေါ်ကနေ စစ်ကော်မရှင်တပ်သား ၂ ဦး ပြုတ်ကျသေဆုံးခဲ့တာကို မျက်မြင်တွေ့ခဲ့ရပြီး နောက်ထပ်ထိခိုက်သေဆုံးရှိ၊ မရှိကိုတော့ စုံစမ်းလို့မရသေးဘူးလို့ ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် မုံရွာအခြေစိုက် နမခ ကနေ သံပြားကာကား ၁ စီးနဲ့ အိမ်စီး ကား ၃ စီးတို့ တပ်ကူရောက်ရှိလာပြီး သေဆုံးသူတွေကို တင်ဆောင်သွားတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို GOLDEN TARGET FORCE.GTF၊ BRAVE HEART ARMY-BHA၊ MONYWA SPECIAL – ဒိတ်ဒိတ်ကြဲ PDF၊ တိုက်နယ် ၄ ပလဖ၊ MONYWA DYNAMITE – STFနဲ့ AREA 71 LPDF Monywa (မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေး မိုင်းတပ်ဖွဲ့)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်ကလည်း မုံရွာမြို့နယ်၊ တောပုကျေးရွာထိပ် မုံရွာ-ချောင်းဦး လမ်းပိုင်းမှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကော်မရှင်အဖွဲ့တွေဒရုန်းဗုံးထိလို့ ၃ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။
စာတည်း – လင်း