မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကော်မရှင်အဖွဲ့တွေ ဒရုန်းဗုံးချတိုက်ခိုက်ခံရ

0 0
0 0

မုံရွာ၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကော်မရှင်အဖွဲ့တွေ ဒရုန်းဗုံးထိလို့ ၃ ဦးဒဏ်ရာရတယ်လို့ MONYWA DYNAMITE – STF တပ်ဖွဲ့ထံက သိရပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက် မနက် ၇ နာရီခန့်မှာ တောပုရွာပျူစောထီးတွေနဲ့ စစ်ကော်မရှင်ပူးပေါင်းတပ် အင်အား ၂၀ ခန့်ဟာ တောပုရွာထိပ်အနီး အထက်ပါလမ်းပိုင်းမှာ လမ်းသွားလမ်းလာကားတွေကို စစ်ဆေးပြီး မိုင်းရှင်းလင်းရေးလုပ်နေချိန် ဒရုန်းဗုံးသီး ၂ လုံး ပစ်ချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

” သူတို့က လမ်းကင်းယူနေတာ။ လမ်းကြောင်းဖြတ်ဖို့ရှိရင် မိုင်းရှင်းပေါ့။ ပြီးရင်ဆက်ကြေးကောက်ပေါ့။ အရင်တုန်းက ကွမ်းရောင်းတဲ့တိုက်ပေါ်မှာ ၃ ကောင်က ကင်းစောင့်နေတာ။ ဗုံးကသူတို့နားကျတယ်။ နောက် ၁ လုံးက သူတို့အနောက်ဘက် အုတ်အမာပေါ်ကျတော့ မီးခိုးသိပ်မထွက်လိုက်ဘူး။”လို့ MONYWA DYNAMITE – STF တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒရုန်းဗုံးကျရောက်ပေါက်ကွဲတာကြောင့် လမ်းဘေးနေအိမ်အပေါ်ဆုံးထပ်မှာ ကင်းပုန်းဝပ်နေတဲ့ပျူစောထီး ၃ ဦးဒဏ်ရာရပြီး ဆေးရုံကားနဲ့လာသယ်ယူသွားတယ်လို့ ဆိုပါတယ်။

ဗုံးကျပေါက်ကွဲပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့တွေက ဒရုန်းဗုံးလာရာလမ်းကြောင်းကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို BRAVE HEART AYMY.BHA ၊ MONYWA DYNAMITE.STF နှင့် CHINDWIN FIGHTER GROUP – CFG တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်ကလည်း မုံရွာမြို့နယ်၊ တောပုကျေးရွာအဆင်း ကောင်းစံကွမ်းယာဆိုင်အနီး မုံရွာ-ချောင်းဦးလမ်းမိုင်းမှာ စစ်ကော်မရှင်အဖွဲ့မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ဦးဒဏ်ရာရတယ်လို့သိရပါတယ်။

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။