မကွေးမှာ စစ်ကော်မရှင်ဂိတ်က ပစ်ခတ်လို့ ပြည်သူ ၁ ဦးသေဆုံး

0 28
0 28

မကွေး၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆။

မကွေးတိုင်း၊ မကွေးမြို့၊ ဧရာဝတီတံတား(မကွေး) မင်းဘူးဘက်ခြမ်းဂိတ်မှာ မင်းဘူးဒေသခံအချို့ လိုက်ပါလာတဲ့ကား ၁ စီး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးကာ ၃ ဦး ဖမ်းဆီးခံထားရတယ်လို့ မင်းဘူးမြို့ခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက် ည ၉ နာရီခွဲခန့်မှာ အမျိုးသား ၄ ဦးလိုက်ပါလာတဲ့ အဆိုပါကားကို တားဆီးရာကနေ ရပ်မပေးတာကြောင့် စစ်ကော်မရှင်ဂိတ်အဖွဲ့က ပစ်ခတ်ခဲ့တာဖြစ်ပြီး ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

” မကွေးဘက်က ပြန်လာတာ၊ (ဂိတ်ဖြတ်တဲ့အချိန်) ကား ၂ စီးကို ရှေ့ကကားက လက်ပြပြီးမောင်းသွားတာ၊ ရှေ့ကကားကမောင်းတော့ သူကလည်း လက်ပြပြီးမောင်းတာ၊ မီးကလည်း ပြတ်နေတဲ့အချိန် မောင်းတာ၊ မကွေးတံတား မင်းဘူးဘက်ဂိတ်မှာ အပစ်ခံရတာ၊ ‘အောင်မင်းကျော်ဆေးဆိုင်’က လူ သေသွားတယ်၊ ကားလည်းမှန်တယ်။” လို့ မင်းဘူး ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

သေဆုံးသူဟာ မင်းဘူးမြို့၊ အောင်မင်းကျော် ဆေးဆိုင်ပိုင်ရှင် အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသား ၁ ဦး ဖြစ်ပြီး ပစ်ခတ်ခံရပြီးနောက် သေဆုံးသူအပါအဝင် ကားပေါ်ပါနောက်ထပ် ၃ ဦးနဲ့ ကားကိုပါ မကွေး တပ်မ ၈၈ မှာ ဖမ်းဆီးထားကာ အလောင်းကိုတော့ ပိုက်ဆံပေးပြီး ပြန်ထုတ်ရတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်ကလည်း မကွေးဘက်ကနေ မင်းဘူးကို ဆိုင်ကယ်နဲ့ ပြန်လာတဲ့ အသက် ၂၀ ကျော်အရွယ် လူငယ် ၂ ဦးကို စစ်ကော်မရှင်တပ်ဖွဲ့ကစစ်ဆေးချိန် ရပ်မပေးတာကြောင့် ပစ်ခတ်ခဲ့ရာက ၂ ဦးစလုံး သေဆုံးခဲ့ပါသေးတယ်။

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။