ပေါက်၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆။
မကွေးတိုင်း၊ပေါက်မြို့နယ်၊ ချက်ကန်ရွာနဲ့သပြေရွာကြားမှာရှိတဲ့ တောတိုက်တွေကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူ ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက် ယမန်နေ့ မနက် ၁၀ နာရီမှာ ပါရာမော်တာနဲ့ ဗုံး ၄ လုံး၊ မနက် ၁၁ နာရီကျော်မှာ တိုက်လေယာဥ်နဲ့ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး တောတိုက်နေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
ပါရာမော်တာဗုံးကြဲတာမှာ တောတိုက်တွေနဲ့ ၃ ဖာလုံအကွာ တောစပ်တွေမှာ ကျရောက်ပေါက်ကွဲခဲ့လို့ လူထိခိုက်မှု မရှိခဲ့ပေမယ့် တိုက်လေယာဥ်ဗုံးကြဲမှုမှာ တောတိုက်နေအိမ်တွေပေါ်တည့်တည့် ကျပေါက်ကွဲတာကြောင့် လူသေဆုံးမှုများခဲ့တာလို့ ဆိုပါတယ်။

” ဈေးဆိုင်ကပ်လျက် အိမ်က ကျောင်းသူလေး ၁ ဦးက ခေါင်းပြတ်သွားတယ်။ သေတာက ၅ ဦး သေတာ၊ ၄ ဦးကတော့ နေရာတင်ပွဲချင်းပြီးသေတယ်။ ဈေးဆိုင်ကြီးလည်း မီးလောင်သွားတယ်၊ ဈေးဆိုင်နဲ့ အိမ် ၁ လုံးက ဒဲ့(တည့်)မှန်တာဆိုတော့ လုံးလုံးပြာကျတယ်” လို့ ပေါက်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
သေဆုံးသူတွေဟာ ပေါက်မြို့နယ်၊ ပုတီးရွာခံတွေဖြစ်ပြီး ၂၀၂၂ နှစ်လယ်ပိုင်းမှာ စစ်ကော်မရှင်တပ်က ပုတီးရွာကိုစစ်ကြောင်းထိုးမီးရှို့ခဲ့လို့ နေအိမ်တွေပျက်စီးခဲ့ရတဲ့ဒေသခံအချို့ဟာ ချက်ကန်နဲ့ သပြေရွာအကြား တောတိုက်တွေဆီ အဲ့ဒီလပိုင်းအတွင်းမှာပဲ ပြောင်းရွှေ့နေထိုင်နေကြတာဖြစ်ပြီး တောတိုက်တွေမှာ နေအိမ် ၅ လုံးနဲ့ စျေး ဆိုင် ၁ ဆိုင်သာရှိတယ်လို့ သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် တောတိုက်နေအိမ်နဲ့စျေးဆိုင်မှာနေထိုင်တဲ့ အသက် ၂၃ နှစ် မိုးကျော်၊ အသက် ၄၀ ကျော် မချိုကြီး၊ အသက် ၄၈ နှစ် မရွှေဝင်း၊ အသက် ၁၀ နှစ်ဝန်းကျင် မတင်မိုးနိုင်၊ အသက် ၁၆ နှစ် တင်မိုးလှိုင် တို့ သေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသမီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။