ဆောမှာ ဗုံးကြဲလို့ အခြေခံကျောင်းသူ ၂ ဦးအပါ အမျိုးသမီး ၅ ဦးသေဆုံး

0 25
0 25

ဆော၊ ဖေဖော်ဝါရီ ၆၊ ၂၀၂၆။

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့နဲ့ ၂ မိုင်အကွာ မိအယ်ကျေးရွာကို စစ်ကော်မရှင်တပ်က ဗုံးကြဲခဲ့တာကြောင့် အခြေခံကျောင်းသူ ၂ ဦးအပါအဝင် အမျိုးသမီး ၅ ဦးသေဆုံးခဲ့တယ်လို့ ကျေးရွာနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၅ ရက် ၃ နာရီလောက်မှာ UAV ဒရုန်းတွေနဲ့ကင်းထောက်လာတာကိုတွေ့ရပြီး ၁ နာရီလောက်အကြာ ညနေ ၄ နာရီကျော်မှာ စစ်ကော်မရှင်ရဲ့ဂျက်ဖိုက်တာ ၁ စီးက ရွာအလယ်ပိုင်းကို ဗုံး ၂ လုံးကြဲချခဲ့တာလို့ ဆိုပါတယ်။

“ရွာလယ်တည့်တည့်အိမ်ပေါ်မှာကျတာ။ ထိခိုက်သေဆုံးက အမျိုးသမီးတွေချည်းပဲ။ ကျောင်းသူလေး ၂ ယောက်ပါတယ်။ ဗုံးကျတဲ့နေရာမှာတော့ အိမ်တွေပျက်စီးပြီး ၁ လုံးဆိုမီးကိုလောင်သွားတာ။ ကျန်တာတွေက ပြိုတာပျက်တာ။ တည့်တည့်ကျတဲ့အိမ်က မီးကိုလောင်သွားတာ။ ပြင်းတယ်”လို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဗုံးထိပြီး အသက် ၄၀ အရွယ်အမျိုးသမီး ၁ ဦးနဲ့ သမီးဖြစ်သူ ၈ နှစ်အရွယ် ၃ တန်းကျောင်းသူ၊ ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသူ၊ အသက် ၇၀ အရွယ်အမျိုးသမီး ၁ ဦးနဲ့သမီးဖြစ်သူ အသက် ၅၀ အရွယ်အမျိုးသမီး ၁ ဦး စုစုပေါင်း ၅ ဦးသေဆုံးကာ အသက် ၅၀ ကျော်အရွယ် နောက်ထပ်အမျိုးသမီး ၂ ဦးပြင်းထန်ဒဏ်ရာရပြီး နေအိမ် ၅ လုံးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မိအယ်ရွာမှာ အိမ်ခြေ ၁၅၀ ခန့်ရှိပြီး ဗုံးကြဲခံရပြီးနောက် ဒေသခံတွေလည်းဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်ကလည်း ဆောမြို့နယ်၊ လယ်ကြီးအိုင့်ကျေးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။