တောင်သာမှာ စက်တပ်လေထီးနဲ့ဗုံးချလို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး သားအဖ ၂ ဦးဒဏ်ရာရ

0 1
0 1

မန္တလေး၊ ဇန်နဝါရီ ၂၈၊ ၂၀၂၅။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရွာတန်းရှည်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်တပ်လေထီးနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး သားအဖ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ဒေသခံတဦးက ပြောပါတယ်။

ဇန်နဝါရီ ၂၈ ရက်ဒီမနက် ၁ နာရီမိနစ် ၄၀ ခန့်မှ မိတ္ထီလာလေတပ်ဘက်တက်လာတဲ့ စက်တပ် လေထီး ၂ စီးနဲ့ ရွာတန်းရှည်ကျေးရွာထဲကို ဗုံးသီး ၆ လုံးပစ်ခတ်ခဲ့ရာ ကျေးရွာအပြင်ဘက်ကို ၃ လုံးနဲ့ ကျေးရွာထဲကို ၃ လုံးကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“အိမ်ဝိုင်းထဲကိုပဲ ၃ လုံးစလုံးကျတာ။ သူတို့အိမ်ကထရံကာအိမ်ပါ။ အိမ်ဘေးတွေကို ကျတာ။ အစတွေစင်ပြီးထိကုန်တာ။ ထရံတွေပေါက်ထွက်ကုန်တယ်။” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့ သူက ပြောပါတယ်။

ဗုံးချတိုက်ခိုက်ချိန် အသက် ၂၇ နှစ်အရွယ် မစန္ဒာဝင်း (ခ) မမိပုက ရင်ဘတ်နဲ့ဘယ်ဘက်နံရိုးထိမှန်ပြီး နေရာတင်သေဆုံးကာ အသက် ၃၃ နှစ်အရွယ် ခင်ပွန်းဖြစ်သူမှာ ပေါင်ထိမှန်ဒဏ်ရ၊ အသက် ၃ နှစ်အရွယ်သမီးဖြစ်သူမှာ တင်ပါးဗုံးစမှန်ဒဏ်ရာခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မန္ဒာဝင်းရဲ့ ထရံကာနေအိမ်နဲ့ အနီးရှိ ဆောက်လုပ်ဆဲတိုက်အိမ်တလုံးတို့လည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ဗုံးစမှန်ထိမှန်ဒဏ်ရာရသွားတဲ့ သားအဖ ၂ ဦးကိုတော့ ဒေသခံတွေက နီးစပ်ရာဆေးရုံကိုပို့ပြီး ဆေးကုသပေးနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူက ပြောပါတယ်။

ဗုံးကျချိန်မှာ ရွာခံအချို့က ကျေးရွာပြင်ပကို ထွက်ပြေးခဲ့ရတာမျိုးရှိခဲ့ပြီး မနက်လင်းချိန်မှာတော့ ကျေးရွာထဲကို ပြန်ဝင်လာပြီးပုံမှန်အတိုင်းနေထိုင်နေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်ကလည်း မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ညောင်ကုန်းကျေးရွာကို စစ်ကောင်စီက စက်တပ်လေထီးနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၄ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။