မြင်းခြံ၊ ဖေဖော်ဝါရီ ၅၊ ၂၀၂၆ ။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက ပြည်တော်သာ၊ တန်းဆောင်း၊ နတ်ညွန်းနဲ့ ဒါးကျွန်း(တောင်)၊ ဒါးကျွန်း(မြောက်)ရွာတွေကို စစ်ကော်မရှင်စစ်ကြောင်းက မီးရှို့လို့ အိမ်ခြေ ၁,၀၀၀ နီးပါး မီးလောင်ပျက်စီးထားတယ်လို့ မြင်းခြံမြို့နယ်ပကဖတာဝန်ရှိသူတွေထံက သိရပါတယ်။
မြင်းခြံအခြေစိုက် ခမရ ၁၅ တပ်ကနေထွက်လာတဲ့ အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၄ ရက် မနက် ၅ နာရီခန့်မှာ ပြည်တော်သာကျေးရွာကို စတင်ဝင်ရောက်မီးဝင်ရှို့ပြီးနောက် ယမန်နေ့ညပိုင်းအထိ အခြားကျေးရွာ ၄ ရွာကိုပါ ဆက်တိုက်မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

” ရွာတွေက ကပ်လျက်တွေဆိုတော့ ပြိုင်တူမီးရှိူ့သလိုဖြစ်တာ။ ပြည်တော်သာပြီးတော့ ဆက်တိုက်ရှို့တာ။ ရွာလုံးကျွတ်နီးပါးတွေလောင်တာ။ ထိတွေ့တိုက်ပွဲကိုမဖြစ်ရဘူး။ မနက်ဝေလီဝေလင်းတွေဝင် တန်းရှို့ အကာအကွယ်ကိုမရလိုက်ဘူး။ အမှန်ပြောရရင်တော့ အကြောက်တရားပေးတာ။”လို့ မြင်းခြံမြို့နယ်ပကဖတာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
မီးရှို့ခံရတဲ့ ကျေးရွာ ၅ ရွာက အနည်းဆုံးအိမ်ခြေ ၁၅၀ ကနေ အများဆုံး ၄၀၀ အထိရှိတဲ့ကျေးရွာတွေပါဝင်ပြီး လတ်တလောသိရှိထားချက်အရ အိမ်ခြေ ၁,၀၀၀ နီးပါး မီးလောင်ပျက်စီးထားကာ အသေးစိတ်ကို စာရင်းကောက်ယူဖို့ လုပ်ဆောင်နေတယ်လို့ သူကဆိုပါတယ်။

အဲ့ဒီစစ်ကော်မရှင်စစ်ကြောင်းဟာ ဖေဖော်ဝါရီ ၅ ရက် ဒီကနေ့မနက်ပိုင်းအထိ ဒါးကျွန်းနဲ့တန်းဆောင်းရွာအနီးမှာ ရှိနေသေးပြီး စစ်ကြောင်းထိုးမီးရှို့နေလို့ ပြည်တော်သာ၊ တန်းဆောင်း၊ နတ်ညွန်း၊ ဒါးကျွန်း(တောင်)ရွာနဲ့ (မြောက်)ရွာတွေအပါ ကျေးရွာ ၉ ရွာက ဒေသခံ ၅,၀၀၀ ကျော်ဘေးလွတ်ရာကို ပြေးနေရတယ်လို့ သိရပါတယ်။
မြင်းခြံခရိုင်ဟာ တော်လှန်ရေးတပ်တွေအားကောင်းတဲ့နယ်မြေဖြစ်ပြီး သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီးနဲ့စစ်ကော်မရှင်ပူးပေါင်းတပ်တွေကလည်း နယ်မြေအတွင်း စစ်ကြောင်းထိုးကာ ကျေးရွာတွေကို မီးရှို့တာနဲ့ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ မကြာခဏလုပ်ဆောင်တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။