ကျောက်ရစ်ရဲစခန်းမှာ မွေးနေ့ပွဲကျင်းပနေတဲ့ စစ်အုပ်စု Drone နဲ့ ပစ်ချခံရ

0 1
0 1

စစ်ကိုင်း၊ ဇွန် ၁၇၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှာ မွေးနေ့ပွဲကျင်းပနေတဲ့ စစ်အုပ်စုကို ဇွန်လ ၁၆ ရက် မနေ့မနက် ၈ နာရီလောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက Drone နဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ PDF တပ်ဖွဲ့တွေဆီက သိရပါတယ်။

ကျောက်ရစ်ရဲစခန်းမှာ အင်အား ၁၅၀ နီးပါးနဲ့ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ စခန်းထဲမှာ မွေးနေ့ပွဲကျင်းပနေတာကို အတွင်းသတင်းအရ အတိအကျသိရှိထားတဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ အီနာဂါဗုံးသီး(၃)လုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ သူတို့က ဆိုပါတယ်။

“သူတို့မွေးနေ့ပွဲက မနက် ၈ နာရီလောက်မှာလုပ်မှာလို့ သတင်းကြားထားတယ်။ အဲဒါနဲ့ ကျနော်တို့ သွားရောက်ပစ်ခတ်ခဲ့တာ။ ကျနော်တို့ ပစ်ခတ်ပြီးတော့ သူတို့က အင်အား ၂၀ လောက်နဲ့ ကျောက်ရစ်စခန်းကနေထွက်လာပြီး လက်နက်ကြီးတွေနဲ့ လိုက်ပစ်နေတာမျိုးတွေ လုပ်တယ်” လို့ Myaung Special Drone Force မှ ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။

ဒရုန်းပစ်ခတ်မှုမှာ ထိခိုက်ပျက်စီးမှုကိုသာ ကြားသိရပြီး သေဆုံးမှု ရှိမရှိကိုတော့ စုံစမ်းနေဆဲသာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ပစ်ခတ်မှုကို Myaung Special Drone Force (MSPDF) တပ်ဖွဲ့နဲ့ CHU PDF တပ်ဖွဲ့တို့ နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

ဒါ့အပြင် ကလေးမြို့နယ် ဇင်းကလင်းကျေးရွာမှာ အင်အား ၁၀၀ ခန့်နဲ့ ငါးရက်နီးပါး အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဇွန်လ ၁၅ ရက်ကလည်း အီနာဂါဗုံးသီး (၂ ) လုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိ သွားတယ်လို့လည်း သူကဆက်ပြောပါတယ်။

“ကျနော်တို့ drone နဲ့ ပစ်ပစ်ခြင်းမှာ ၃ ယောက်က ချက်ချင်းသေသွားတယ်လို့ ကြားတယ်။ နောက်ထပ် ၃ ယောက်က ဆေးရုံမှာ သွားဆုံးတယ်လို့ အတွင်းသတင်းက သိရပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်။ အခုချိန်ထိ သူတို့ (စစ်ကောင်စီ)တွေက ရွာထဲမှာ ရှိနေတုန်းပဲ” လို့ ဆိုပါတယ်။

ဇင်းကလင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒီနေ့အထိ လူအင်အားထပ်မံဖြည့်တင်းခြင်း မရှိသေးသလို၊ လက်နက်တွေ နဲ့လည်း ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်နေပါတယ်။ အခုလိုကျေးရွာထဲမှာ တပ်စွဲထားတဲ့အတွက် အဲဒီကျေးရွာက ဒေသခံတချို့ဟာ ကလေး-ဂန့်ဂေါလမ်းမဘေးတွေမှာ ရှောင်တိမ်းနေရတယ်လို့လည်း ဆိုပါတယ်။

စာတည်း – နွေဦးငြိမ်းချမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။