စစ်တပ်အတွက်အရေးပါတဲ့ နတ်သံကွင်းတံတား ပြန်ပြင်နိုင်ဖို့ စစ်လက်နက် အဆမတန် တိုးမြှင့်သုံးနေ

0 1
0 1

ပဲခူး၊ ဇွန် ၁၆၊ ၂၀၂၃။

ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းရွာမှာ ဖျက်ဆီးခံခဲ့ရတဲ့ စစ်တောင်းမြစ်ကူးတံတားဟာ စစ်ကောင်စီအတွက် အရေးပါနေတဲ့အတွက် ပြန်လည်ပြင်ဆင်ဖို့ စစ်လက်နက်ပစ္စည်းတွေ အဆမတန် တိုးမြှင့်အသုံးပြုနေတယ်လို့ ဒေသခံတွေက တဆင့် သိရပါတယ်။

ဇွန်လ ၆ ရက် စခန်းသိမ်းတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က စစ်ကောင်စီရဲ့ စစ်ကူလမ်းကြောင်းကို ပိတ်ဆို့တဲ့အနေနဲ့ မိုင်းခွဲဖျက်ဆီးခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က တံတားအမြန် ပြုပြင်ဖို့အတွက် ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

ပုံစာ-မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် စစ်တောင်းမြစ်ကူးတံတား

“မနက်ဖြန် (ဇွန် ၁၇)တရက်ပဲ တံတားပေးကူးပြီး သဘက်ခါ (ဇွန် ၁၈)စပြင်တော့မယ်လို့ ကြားတယ်၊ အဲ့တံတားက ကျောက်ကြီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ- ၃၅၁ နဲ့ ခလရ-၆၀ အတွက် အသက်ရှူပေါက်ဘဲ၊ အဲ့ဒါအပြင် KNLA နယ်မြေဘက်ကို စခတွေ လူ၊ လက်နက်၊ ရိက္ခာအင်အား တဟုန်ထိုး ဖြည့်လို့ရတဲ့ တံတားတခု၊ အဲ့တာကြောင့် သူတို့ ဒီတံတားကို မရရအောင် ပြန်ပြင်မှာ။” လို့ နတ်သံကွင်း ဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီဘက်က တံတားပြုပြင်ဖို့အတွက် တံတားအနောက်ဘက်ခြမ်းမှာ ကျောက်စရစ်တွေ၊ သံဘောင်တွေပုံထားပြီး ကာကွယ်ရေးအဖွဲ့တွေဘက်က လာရောက်တိုက်ခိုက်လို့မရအောင် လက်နက်ကြီးပစ်ကူတွေနဲ့ ဂျန်ဘာတွေ အများပြား သုံးထားတယ်လို့ သိရပါတယ်။

ပုံစာ-မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် စစ်တောင်းမြစ်ကူးတံတား

စစ်တောင်းမြစ်ကူး တံတားအနောက်ဘက်ထိပ်၊ အရှေ့ဘက်ထိပ်၊ ကွင်းချောင်းဝရွာ၊ နတ်သံကွင်းရွာ၊ နတ်သံကွင်းရဲစခန်း စတဲ့နေရာတွေမှာ ဂျန်ဘာစက်တွေချထားကာ အနည်းဆုံး ဂျန်ဘာစက် ၅ လုံးထပ်မနည်း ရှိနေပြီး Drone Gun တွေလည်း တပ်ဆင်ထားတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ကျောက်တံခါးမြို့၊ ပဲနွယ်ကုန်းမြို့နဲ့ ကွင်းချောင်းဝရွာဘက်တွေကနေ ၄၀ မမ၊ ၆၀ မမ၊ ၁၂၀ မမ စတဲ့ လက်နက်ကြီးတွေနဲ့ နေ့တိုင်းပစ်ခတ်နေကာ နတ်သံကွင်းရွာထဲက လူမရှိတော့တဲ့ တိုက်အိမ်တွေထဲမှာလည်း စစ်ကောင်စီတပ်သားတွေ အသီးသီး နေရာယူထားကြတယ်လို့ ဆိုပါတယ်။

ပုံစာ-မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် စစ်တောင်းမြစ်ကူးတံတား

စစ်ကောင်စီဘက်က နတ်သံကွင်းရွာကိုဝင်တဲ့ လမ်းပေါက်တွေမှာ နင်းမိုင်းတွေတပ်ဆင်ထားပြီး မိုင်းနင်းမိလို့ ဒဏ်ရာရ ရွာသားတွေလည်းရှိနေကာ ဒီရက်ပိုင်းအတွင်းမှာလည်း တပ်မ ၇၇ ကနေ စစ်ကူအင်အားဖြည့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မြေလတ်အသံကတော့ ဆက်လက်အတည်ပြုနေဆဲပဲ ဖြစ်ပါတယ်။

ဇွန်လ ၆ ရက် နတ်သံကွင်းရွာ စခန်းသိမ်းတိုက်ပွဲမှာ KNLA ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီရဲ့ စခန်း ၅ ခုကို တပြိုင်တည်းစီးနင်းနိုင်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၄၀ သေဆုံးကာ ၁၃ ဦးဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်း အများပြား သိမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။