myaelatt athan

Sharing Information to the Local

စလင်းကို ဗုံးဒါဇင်နဲ့ချီ ကြဲချတိုက်ခိုက်

စလင်း၊ မတ် ၃၁၊ ၂၀၂၅။

မကွေးတိုင်း၊ စလင်းမြို့နယ်က ကျေးရွာ ၆ ရွာကို မတ် ၃၁ ရက် ဒီမနက်ပိုင်းကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့ခံတွေဆီက သိရပါတယ်။

ဒီမနက် ၉ နာရီကနေ နေ့လယ် ၂ နာရီအတွင်း စလင်းမြို့နယ်၊ ကံပြားရွာ၊ သစ်ခေါက်တောင်ရွာ၊ ပေါက်ကျင်းရွာ၊ ကိုင်းကြီးရွာ၊ ရစ်ပြင်ရွာ၊ တောင်ဇင်ရွာ အနီးဝန်းကျင်တို့ကို ဂျက်ဖိုက်တာ၊ စက်တပ်လေထီးတို့နဲ့ အကြိမ် ၂၀ ကျော်ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

“လေယာဉ် ၃ စီးနဲ့ မနက် ၈ နာရီခွဲ ၉ နာရီလောက်မှာ အသွားအပြန် ၆ ကြိမ် ဗုံးကြဲသွားတာ။ အဲ့ဒီနောက်ပိုင်း စက်တပ်လေထီး (Paramotar)နဲ့ တိုက်တယ်။ ပြီးတော့ လေယာဉ်နဲ့ဆက်တိုက်ကြဲတယ်၊ အကြိမ်ရေ ၂၀ ကျော်တယ်။” လို့ စလင်းမြို့ခံတဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ဗုံးအလုံးရေ ၅၀ နီးပါးလောက်သုံးခဲ့တယ်လို့လည်း သူက ခန့်မှန်းပါတယ်။

လက်ရှိအချိန်ထိ ဗုံးကြဲခဲ့တဲ့နေရာတဝိုက်ကို ကွင်းဆင်းစစ်ဆေးတာ မလုပ်နိုင်သေးတဲ့အတွက် ထိခိုက်သေဆုံးမှုအခြေအနေတွေကို မသိရသေးဘူးလို့ ဆိုပါတယ်။

စလင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်တာမရှိဘဲ ခုလိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကံပြားရွာ၊ သစ်ခေါက်တောင်ရွာ၊ ပေါက်ကျင်းရွာ၊ ကိုင်းကြီးရွာ၊ ရစ်ပြင်ရွာ၊ တောင်ဇင်ရွာတို့က ဒေသခံ ၈ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အထက်ပါမြို့ခံက ပြောပါတယ်။

မတ် ၃၀ ရက် မနေ့ကလည်း မကွေးတိုင်း၊ ပေါက်မြို့နယ်က အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိတဲ့ ရွာသစ်ကုန်းကျေးရွာကို စစ်ကောင်စီက ရဟက်ယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တဲ့အပြင် မြေပြင်ကနေလည်း စစ်ကြောင်းထိုးမီးရှို့ခဲ့ပါသေးတယ်။

အဲ့ဒီကျေးရွာဟာ မတ် ၂၈ ရက်မှာလှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ဒဏ်ကိုခံထားရတဲ့ကျေးရွာ ၁ ရွာ ဖြစ်ပါတယ်။

အလားတူ ငလျင်လှုပ်ခတ်ပြီးချိန်ကနေ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းအပါအဝင် ငလျင်ဒဏ်ခံရတဲ့ ကျေးရွာတွေကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ထပ်တိုးလုပ်ဆောင်နေတဲ့အတွက် ဒေသခံထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post