ဝေါမြို့နယ်ထဲမှာ စစ်ကောင်စီက မဆုတ်တမ်းခံစစ် ပြင်ဆင်နေ

0 1
0 1

ပဲခူး၊ ဇွန် ၁၅၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ထဲက စစ်ကောင်စီတပ်ရင်းတွေနဲ့ ကင်းစခန်းတွေမှာ မဆုတ်တမ်းခံစစ်ပုံစံတွေ ပြင်ဆင်လာနေတယ်လို့ ဝေါမြို့နယ် ပကဖ ထံက သိရပါတယ်။

ကျောက်ကြီးမြို့နယ်ထဲက နတ်သံကွင်းမြို့ တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ ဝေါမြို့နယ်ထဲက စစ်ကောင်စီတပ်ရင်းတွေမှာ လက်နက်ကြီးတွေ ယခင်ထက် ပိုမိုပြင်ဆင်လာတာ၊ ရန်ကုန်-မော်လမြိုင်လမ်း ဝေါမြို့နယ်အပိုင်နဲ့ စစ်တောင်းမြစ်ရိုးတလျှောက် ကင်းပုန်းတွေ ပိုချလာတာ၊ ညဘက် အင်အား ရွှေ့ပြောင်းတာတွေ လုပ်လာတယ်လို့ ဆိုပါတယ်။

“တပ်တွင်းဖရဲသီးသတင်းအရ သိရတာတော့ တပ်တွေမှာ တပ်တွင်းအနီရောင်အဆင့် ခံစစ်ပြင်ထားတယ်လို့ သိရတယ်။ တပ်ရင်းတွေမှာ ယခင်က ချထားလေ့မရှိတဲ့ အမြောက်ကြီးတွေပါ လာဆင်ထားတာ။ တကယ်လို့ သူတို့တပ်ရင်းတွေကို တိုက်ခိုက်ခံရရင် အသေခံတိုက်ခိုင်းထားတာ” လို့ ဝေါမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ဝေါမြို့နယ်ဘက်ကို မွန်ပြည်နယ် KNLA တပ်မဟာ ၁ ဘက်ကနေ ဝင်လာနိုင်မယ့် လမ်းကြောင်းတွေဖြစ်တဲ့ မြစ်ကျိုး၊ သူရဲသမိန်စတဲ့ စစ်တောင်းမြစ်ကမ်းနဘေးကျေးရွာတွေမှာ ယခင်ကထက် လူအင်အားတိုးချလာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အင်အားရွှေ့ပြောင်းတာ၊ ရိက္ခာနဲ့စစ်လက်နက်ပစ္စည်းတွေ သယ်ယူတာကို ယခင်လို နေ့ခင်းဘက်တွေမှာ မလုပ်တော့ဘဲ ညဘက်တွေမှာ သွားလာတာ အများဆုံးလုပ်လာတယ်လို့ သိရပါတယ်။

“ခုနောက်ပိုင်းဆို သူတို့လှုပ်ရှားမှုတွေကို ပြည်သူတွေမသိအောင် ညပိုင်းတွေလုပ်လာတာများတယ်။ ဒါကလည်း အရင်က သူတို့လှုပ်ရှားမှု မှန်သမျှကို ပြည်သူတွေက တော်လှန်ရေးအဖွဲ့တွေကို သတင်းပေးကြတာဆိုတော့ သူတို့အထိနာလာတာကြောင့်လည်း ဖြစ်တယ်” လို့ ဆက်ပြောပါတယ်။

ဝေါမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေက PDF တွေရှိတဲ့နေရာကို စစ်ကြောင်းထိုးတိုက်ခိုက်မှုဟာ မရှိသလောက်နည်းပါးပြီး PDF တွေဘက်က ညောင်ခါးရှည်ရဲစခန်း၊ ဘုရားပျိုစစ်ဆေးရေးဂိတ်၊ အုပ်ချုပ်ရေးရုံးတွေကို လာရောက်တိုက်ခိုက်ခဲ့တာတွေ ရှိခဲ့ပါတယ်။

ဧပြီ ၂၇ ရက် ညောင်ခါးရှည်ရဲစခန်းတိုက်ခိုက်ခံရမှုမှာ ရဲ ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရသလို ဖေဖော်ဝါရီ ၂၆ ရက် ဘုရားပျိုစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရမှုမှာ ပျူနဲ့စစ်ကောင်စီတပ်သား ၂ ဦးသေ၊ ၄ ဦးဒဏ်ရာခဲ့ပြီး အုပ်ချုပ်ရေးမှူးရုံးတွေ တိုက်ခိုက်ခံရမှုတွေမှာတော့ လူထိခိုက်တာမရှိဘဲ ရုံးအဆောက်အဦတွေ ပြိုကျပျက်စီးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။