ပဲခူးရိုးမအစပ်မှာ စစ်ကောင်စီစစ်ကြောင်း ခြုံခိုတိုက်ခံရလို့ ၁ဦးသေ ၁ဦးဒဏ်ရာရ

0 1
0 1

ပဲခူး၊ ဇွန် ၁၃၊ ၂၀၂၃။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမအစပ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်သားတွေကို ဇွန်လ ၁၁ ရက်က လက်နက်ငယ်နဲ့ ခြုံခိုတိုက်ခိုက်ခဲ့လို့ စစ်သား ၁ ဦးသေကာ ၁ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PPDF ရဲ့ တာဝန်ရှိသူတဦးဆီက သိရပါတယ်။

ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမ​အစပ်၊ ရွှေလေးကြိုးဝိုင်း၊ တလားဂူလျှိုနားကို အင်အား ၄၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတာကို ညနေ ၆ နာရီလောက်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ရွာသားတွေ ယာလုပ်သွားတဲ့ လမ်းကြောင်းအတိုင်း စစ်ကြောင်းလာတာကို အသင့်စောင့်နေပြီးမှပစ်တာ။ တယောက်ကတော့ နေရာမှာပဲသေတာ၊ တယောက်က ဒဏ်ရာရသွားတာ။” လို့ PPDF ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

စစ်တပ်ဘက်က လက်နက်ငယ်နဲ့ ရမ်းသမ်းပစ်ခတ်နေတဲ့အတွက် တိုက်ခိုက်ရေးရဲဘော်တွေ တပ်ပြန်ဆုတ်လာတာမို့ စစ်ကြောင်း ဘယ်ကိုဆက်သွားတယ်ဆိုတာကိုမသိရဘူးလို့ သူကဆက်ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၆၀၁ နဲ့ ၃၆၀၂ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပေါင်းတည်မှာ ဇွန်လ ၁၁ ရက် ညနေကလည်း ပဲခူးရိုးမအစပ်၊ သစ်ပုတ်အုပ်စု၊ လက်ပံခုံရွာက စစ်တပ်သတင်းပေးလို့ အမည်ထွက်နေသူ အသက် ၅၀ ကျော်အရွယ် ကိုတင်အောင်လေးကိုလည်း ပေါင်းတည် PPDFတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

ဒါ့အပြင် ဇွန်လ ၃ ရက် မနက်အစောပိုင်းမှာ သစ်ပုတ်အုပ်စု မြေနီတောင်ကြောပေါ်တက်လာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့လို့စစ်သား ၁ ဦးသေကာ ၁ ဦးဒဏ်ရာရခဲ့ပြီး ဇွန်လ ၅ ရက် မနက် ၁၁ နာရီလောက်မှာလည်း ရွှေလေးတောင်ပေါ်ကို စစ်ကြောင်းထိုးလာတဲ့စစ်​သားတွေကို တိုက်ခိုက်ခဲ့လို့ စစ်သား ၁ ဦး သေဆုံးခဲ့ပါသေးတယ်။

ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမအစပ်မှာ စစ်ကောင်စီတပ်က နေ့စဉ်ဆိုသလို စစ်ကြောင်းထိုးနေတာတွေရှိကာ မကြာခဏဆိုသလို ပစ်ခတ်ခံရပြီး သေဆုံးဒဏ်ရာရသူတွေရှိနေပါတယ်။

မေလ ၂၈ ရက် နေ့လယ်မှာ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ နွားသိုးတဲတိုက်အနီးကိုလာတဲ့ စစ်ကြောင်းကို ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က တိုက်ခိုက်ခဲ့လို့ ၂ ပွင့်ဗိုလ်တဦး သေဆုံးခဲ့ပါတယ်။

ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စုထဲမှာ စစ်တပ်က မိုင်တဲတာဝါတိုင်ကိုစောင့်ကာ အင်အား ၁‌၅ ဦးလောက်နဲ့ လွန်ခဲ့တဲ့ ၁နှစ်ခွဲလောက်ကတည်းက စခန်းချထားပြီး စစ်ကောင်စီစစ်ကြောင်းတွေ ခေတ္တစခန်းချရာနေရာလည်း ဖြစ်ပါတယ်။

စာတည်း – ဇို

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။