ပဲခူး၊ ဇွန် ၁၂၊ ၂၀၂၃။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ လက်ပံခုံကျေးရွာက စစ်ကောင်စီသတင်းပေးဆို သူတဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PPDFရဲ့တာဝန်ရှိသူ တဦးက ပြောပါတယ်။
သေဆုံးသူမှာ အသက် ၅၀ အရွယ် ကိုတင်အောင်လေး ဖြစ်ပြီး ဇွန်လ ၁၁ ရက် ညနေ ၅ နာရီလောက်မှာ ပဲခူးရိုးမတောင်ခြေ၊ လက်ပံခုံရွာ အရှေ့ဘက်တောစပ်အနီး တဦးတည်းရှိနေချိန် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
“တရွာလုံးက ယောက်ျားတွေကို ခေါ်စစ်တယ်။ သူ့အိမ်ကျ ကွင်းပြီး မခေါ်ဘူး။ သူက စစ်သားတွေကို သတင်းပေးနေတော့ မခေါ်ဘူးလေ။ စတွေ့တော့ပြေးဖို့တော့ ကြိုးစားတာ မလွတ်ဘူး။ ကျောကုန်းကို တချက်တည်း မှန်ပြီး ကိစ္စပြတ်သွားတာ” လို့ PPDFရဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။
ပေါင်းတည်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၃၆၀၁ – PPDF တပ်ရင်းတပ်ခွဲ ၃ က ရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကိုတင်အောင်လေးဟာ လက်ပံခုံရွာကို စစ်ကြောင်းဝင်ခိုင်းပြီး တော်လှန်ရေးအင်အားစုနေအိမ်တွေကို လမ်းပြတာ၊ စစ်တပ်နဲ့ပေါင်းကာ ရွာသား ၇၀ ကျော်ကို နေပူကွင်းပြင်မှာ တနေကုန်ထိုင်ခိုင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ပေါင်းတည်မြို့နယ်အတွင်း ပဲခူးရိုးမအစပ်မှာ စစ်ကောင်စီက မကြာခဏစစ်ကြောင်းထိုးနေသလို ဒေသခံကာကွယ်ရေးတပ်ကလည်း မိုင်းဆွဲတာ၊ ခြုံခိုတိုက်တာတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်ကတော့ ပေါင်းတည်မြို့နယ်၊ ထန်းကုန်းရွာနဲ့ ကြို့ကုန်းရွာကြားမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်သားတွေကို ပေါင်းတည်မြို့နယ် PPDFတပ်ဖွဲ့က ခြုံခိုတိုက်တာကြောင့် စစ်သား ၁ ဦးသေဆုံးခဲ့ ပါသေးတယ်။
စာတည်း – လင်းဇေ