ပဲခူး၊ ဇွန် ၁၂၊ ၂၀၂၃။
ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်မှာ ဇွန်လ ၁၁ ရက် မနေ့ နေ့လယ် ၁၂ နာရီလောက်က အိမ်နီးချင်းလင်မယား စကားများတာကို ဝင်ပြောရာက လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ကျွန်းကုန်းကြီးကျေးရွာက ဦးမြင့်ဇော်ဦး(၅၁ နှစ်) တို့ လင်မယား ၂ ယောက် စကားများ ရန်ဖြစ်နေတာကြောင့် အိမ်နီးချင်းဖြစ်သူ ဦးမင်းမင်း(၃၆ နှစ်) က ဝင်ရောက်ဖြေရှင်းပေးရာမှာ ဦးမြင့်ဇော်ဦးက ဦးမင်းမင်းကို လက်သီးနဲ့ ၂ ချက်ထိုးလိုက်တယ်လို့ မြို့ခံတဦးက ဆိုပါတယ်။
“အဲဒါကို ကိုမင်းမင်းက မကျေနပ်လို့ အိမ်ပြန်ဓါးယူပြီး ပြန်ထိုးတာမှာ (ဦးမြင့်ဇော်ဦးမှာ)ဝမ်းဗိုက် ၁ ချက်၊ ဘယ်ဒူးနဲ့ညာဒူး ၁ ချက်စီဒဏ်ရာရပြီး သေတာ” လို့ သူက ရှင်းပြပါတယ်။
အခင်းဖြစ်ပြီးနောက် ကြို့ပင်ကောက်မြို့မရဲစခန်းက ဦးမင်းမင်းကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဦးမြင့်ဇော်ဦးရဲ့ အလောင်းကို ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ဆေးရုံမှာ ရင်ခွဲစစ်ဆေးဖို့ ပို့ဆောင်ပြီးနောက် ညနေပိုင်းမှာ နေအိမ်သို့ ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ ကြို့ပင်ကောက်မြို့နယ် ပရဟိတရဲ့အသင်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့မတ်လ ၂ ရက် ညနေ ၆ နာရီခွဲလောက်ကလည်း ကြို့ပင်ကောက်မြို့၊ ရွာမမြောက်ရပ်ကွက်၊ ဗောဓိ ၂ လမ်းမှာ ဓားခုတ်မှုဖြစ်ပွားခဲ့လို့ အမျိုးသား ၃ ဦးဒဏ်ရာရခဲ့ပါသေးတယ်။
စာတည်း – လင်းဇေ