နတ်မောက်၊ ဇန်နဝါရီ ၂၆၊ ၂၀၂၆။
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ စမ်းကုန်းကျေးရွာမှာ ကျေးရွာထဲဝင်လာတဲ့စစ်ကြောင်းက သတ်ဖြတ်မီးရှို့ခဲ့လို့ သားအဖ ၂ ဦးသေဆုံးခဲ့တယ်လို့ နတ်မောက်မြို့နယ်ပကဖတာဝန်ရှိသူတွေထံက သိရပါတယ်။
ဇန်နဝါရီ ၂၅ ရက် မနက်၁၁နာရီလောက်မှာ စမ်းကုန်းကျေးရွာရဲ့ အနောက်ဘက် ထန်းတောတိုက်ထဲနေတဲ့အသက် ၅၀ ကျော်အရွယ် ဦးစံမောင်နဲ့ သားဖြစ်သူ အသက် ၂၁ နှစ်အရွယ် နိုင်လင်းမောင်တို့ ရွာထဲက မင်္ဂလာဆောင်ကိုသွားချိန် စစ်ကြောင်းနဲ့တွေ့ပြီးဖမ်းဆီးခံရကာ သတ်ဖြတ်မီးရှို့ခံခဲ့ရတာလို့ ဆိုပါတယ်။
“ရွာထဲမင်္ဂလာဆောင်ရှိလို့ သွားတဲ့အချိန် ရွာထဲကို **ကြောင်းဝင်လာလို့ ပြေးကြတာ။ သူတို့ သားအဖက ရွာတောင်ဘက်မှာ ဖမ်းခံလိုက်ရတာ။ ညနေ ၃ နာရီလောက်ခွဲလောက်မှာ ရွာအနောက်ဘက်မှာထန်းတောရှိတယ်။ ထန်းတောထဲမှာ သားအဖ ၂ ယောက်ကိုပစ်သတ်ပြီး ထန်းလျက်ဖိုတဲထဲထည့်ပြီး မီးရှို့သတ်လိုက်တာ။” လို့ နတ်မောက်မြို့နယ်ပကဖတာဝန်ရှိသူက ပြောပါတယ်။
သေဆုံးသူသားအဖ ၂ ယောက်ကိုစစ်တပ်ကဖမ်းဆီးမိချိန်မှာ ရွာပတ်လည်ကို လိုက်ပြခိုင်းပြီးမှ ၎င်းတို့နေထိုင်ရာ ထန်းတောတိုက်ထဲမှာပဲ သတ်ဖြတ်မီးရှို့ခဲ့တာဖြစ်ပြီး မီးရှို့သတ်ခံထားရတာကို စစ်ကြောင်းရွာကနေ ပြန်ထွက်ပြီးချိန် ညနေ ၅ နာရီလောက်မှာ ရွာထဲပြန်ဝင်လာသူတွေက မြင်တွေ့ရတာလို့ဆိုပါတယ်။

သားအဖ ၂ ယောက်ကိုသတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းဟာ နတ်မောက် ရွာမတပ်ကနေလာတဲ့ အင်အား ၄၀ ပါစစ်ကြောင်းဖြစ်ပြီး ကျေးရွာကိုဝင်ရောက်ပြီးနောက် ညနေပိုင်းမှာပင် ရွာမဘက်ကိုပြန်ထွက်သွားကြတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်စစ်ကြောင်း သတ်ဖြတ်မီးရှို့လို့ သေဆုံးသွားတဲ့သားအဖ ၂ ယောက်နာရေးကိုတော့ နေ့ချင်းပြီး သင်္ဂြိုဟ်လိုက်ကြတယ်လို့ သိရပါတယ်။
စမ်းကုန်းရွာကိုစစ်ကြောင်းဝင်လာချိန် တရွာလုံးထွက်ပြေးခဲ့ရပြီး စစ်ကြောင်းပြန်ထွက်ချိန် ရွာခံအချို့ ကျေးရွာထဲပြန်ဝင်ခဲ့ပြီးနောက် ဇန်နဝါရီ ၂၆ ရက်မှာတော့ ရွာခံအားလုံး ကျေးရွာကိုပြန်ရောက်ပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်ကလည်း နတ်မောက်မြို့နယ်၊ ရုံးပင်ကွက်ကျေးရွာမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဘက်က စက်တပ်လေထီးနဲ့ဗုံးကြဲခဲ့လို့ အမျိုးသား ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း- မြတ်