ဆင်ပေါင်ဝဲမှာ ရပ်ကျေးကြံ့ခိုင်ရေးပါတီဥက္ကဌဟောင်းနဲ့ သမက်ဖြစ်သူ အသတ်ခံရ

0 83
0 83

ဆင်ပေါင်ဝဲ၊ ဇန်နဝါရီ ၂၀၊ ၂၀၂၆။

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ချောင်းကောက်ကျေးရွာက ကြံခိုင်ရေးပါတီဥက္ကဌဟောင်းနဲ့ သမက်ဖြစ်သူတို့ ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသခံတွေထံက သိရပါတယ်။

သတ်ဖြတ်ခံရသူတွေက အသက် ၇၀ အရွယ် ဦးမြင့်ငွေနဲ့ သမက်ဖြစ်သူ အသက် ၄၀ ကျော်အရွယ်ရှိ ကိုဝင်းမောင်တို့ဖြစ်ပြီး ဇန်နဝါရီ ၁၈ ရက်ည ၈ နာရီမှာ နေအိမ်ကနေ ဖမ်းဆီးခံရပြီးနောက် ဇန်နဝါရီ ၁၉ ရက်မနက် ၇ နာရီခန့်မှာ နားပဲ့ကျေးရွာအနီး ကိုးပင်-သာဂရလမ်းပေါ်မှာ ပစ်သတ်ခံထားရတာကို တွေ့ခဲ့ရတာလို့ ဆိုပါတယ်။

“တပ်ယူနီဖောင်းနဲ့ဝင်ပြီး အသွင်ယူပြီး ဆိုင်ကယ် ၅ စီးလောက်နဲ့ သေနတ်တွေနဲ့ညကြီးခေါ်ပြီးတော့မှ ဟိုဘက်လမ်းပေါ်ရောက်တော့ အဲ့နားမှာပစ်သတ်ခဲ့တာ၊ နောက်နေ့မနက်ကျတော့ အဲ့မှာတွေ့တာ။”လို့ ဖြစ်စဥ်ကိုသိရှိတဲ့ ဒေသခံတဦးကပြောပါတယ်။

ဖမ်းဆီးချိန် ဦးမြင့်ငွေရဲ့ ကားကိုလည်းယူသွားတယ်လို့ သိရပြီး သေနတ်နဲ့ပစ်ခတ်လို့ ၂ ဦးစလုံးမှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

သေဆုံးသူဦးမြင့်ဝေဟာ ချောင်းကောက်ရွာ ကြံ့ခိုင်ရေးပါတီဥက္ကဌဟောင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးလည်းဖြစ်တယ်လို့ အထက်ပါဒေသခံကပြောပါတယ်။

အဆိုပါပစ်ခတ်မှုကို ဘယ်လက်နက်ကိုင်အဖွဲ့အစည်းဘက်က လုပ်ခဲ့တယ်ဆိုတာကို မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဇန်နဝါရီ ၁၆ ရက်မနက်အစောပိုင်းကလည်း ဆင်ပေါင်ဝဲမြို့နယ်၊ ကြေးမခိုင်ကျေးရွာနေ အမျိုးသမီး ၂ ဦးနေအိမ်မှာရှိနေချိန်ပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။