ရေစကြိုမြို့ ရုံးပေါင်းစုံရုံးဝန်းကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်

0 1
0 1

မကွေး၊ ဇန်နဝါရီ ၃၁၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့ပေါ်ရှိ ရုံးပေါင်းစုံရုံးဝန်းမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇန်နဝါရီ ၃၀ ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း ၉ Myingyan Black Tiger-MBT ဆီက သိရပါတယ်။

အင်အား ၁၀၀ ဝန်းကျင်နဲ့တပ်စွဲနေထိုင်နေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မနေ့ကမနက် ၅ နာရီလောက်မှာ ၄၀ မမ ဗုံးသီး ၁ လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရုံးဝန်းထဲရှိအထွေထွေ အုပ်ချုပ်ရေးမှူး ရုံးထဲကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီတပ်သား ၂ ဦး ပေါင်ကိုထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ကောင်စီတပ်သားရဲ့ ဇနီးကတော့ ဂုတ်ကိုမှန်ပြီးတော့ ထိခိုက်ခဲ့ပါတယ်။ စုစုပေါင်း ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။”လို့ မြင်းခြံခရိုင် တပ်ရင်း – ၉၊ Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီဘက်က ၆၀ မမ ဗုံးသီးနဲ့ပြန်လည်ပစ်ခတ်ခဲ့ပြီး စစ်ကား ၁ စီးနဲ့ မြို့ပေါ်ရပ်ကွက်တွေထဲကို လှည့်ပတ်တာတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါရုံးပေါင်းစုံဝန်းထဲမှာ ခလရ ၂၅၆၊ ခလရ ၂၅၇၊ ခလရ ၂၅၈ ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ နေပြည်တော်ရဲတပ်ရင်း ရဲတွေ၊ ပျူစောထီးနဲ့ စစ်မှုထမ်းဟောင်းတွေ နေထိုင်နေကြကာ အနီးဝန်းကျင်တွေကိုလည်း စစ်ကြောင်းထိုးမှုတွေရှိတယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်ကလည်း မန္တလေးတိုင်း၊ မြင်းခြံမြို့ အမှတ် ၂၀ ရပ်ကွက် ချောင်းဒေါင်း လမ်းဆုံမှာ ဆက်ကြေးကောက်နေတဲ့ အမှတ် ၂ ရဲစခန်းက ရဲတပ်သား ၅ ဦးကို မြင်းခြံခရိုင်တပ်ရင်း – ၉ Myingyan Black Tiger-MBT အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲတပ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။