ပိတ်သိမ်းခံရတဲ့ တက်မရေနံမှော်က ကျန်ရှိ လုပ်ငန်းသုံးပစ္စည်းတွေနဲ့တဲတွေ ခိုးယူဖျက်ဆီးခံနေရ

0 1
0 1

မန္တလေး၊ ဇွန် ၅၊ ၂၀၂၃။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြိုနယ်၊ တောင်ဘီလေးကျေးရွာအုပ်စုနဲ့ တက်မကျေးရွာအုပ်စုအတွင်းရှိ တက်မအရေနံမှော် ပိတ်သိမ်းခံရလို့ လုပ်ငန်းလုပ်သူတွေ ထွက်ခွာပြီးနောက် ကျန်ခဲ့တဲ့ပစ္စည်းတွေ ခိုးယူဖျက်ဆီးခံရတာတွေ ရှိနေတယ်လို့ သိရပါတယ်။

လုပ်ငန်းတွေ ဖြုတ်သိမ်းပြီး ထွက်ခွာချိန် ကျန်ခဲ့တဲ့ တွင်းတူး၊ ရေနံထုတ်ရာမှာ အသုံးပြုတဲ့ သံပိုက်တွေ၊ စက်ပစ္စည်းအချို့နဲ့ ဖျက်ယူလို့မရတဲ့ သက်ကယ်တဲ၊ ခြံစည်းရိုး၊ မီးကြိုး​တွေအပါအဝင် ခိုးယူခံရပြီး ညက တဲအချို့ မီးရှို့ဖျက်ဆီးခံရတာတွေရှိနေတယ်လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။

“အချို့ကျတော့ လုပ်ငန်းပြန်လုပ်လို့ ရနိုင်မလားဆိုပြီး အကုန်သိမ်းမသွားဘဲ ချန်ခဲ့တာတွေရှိတယ်။ အချို့ကျတော့ သိမ်းလို့မရလို့ ထားတဲ့အရာတွေရှိတယ်။ ဥပမာ တွင်းထဲက သံပိုက်လုံးတွေမျိုး၊ သံငြမ်းစင်လိုဟာမျိုးတွေပေါ့။ ဒီလိုသံပိုက်တွေကျတော့ သံတိုသံစအနေနဲ့သွားရောင်းတာတောင် စျေးကောင်းရသေးတာ။ သက်ကယ်တွေကျတော့လဲ အမိုးအကာအတွက်သုံးဖို့နေမယ် ယူသွားကြတယ်။ အချို့ကျတော့ တဲတွေ ဖြုတ်ယူမီးရှို့သွားတယ်” လို့ ပြောပါတယ်။

ခိုးယူသူတွေက ရေနံတွင်းတွေမှာ ကျန်ခဲ့တဲ့ သံပိုက်တွေကို နည်းလမ်းပေါင်းစုံနဲ့သယ်ယူနေကြတာဖြစ်ပြီး စစ်ကောင်စီတပ်တွေရှိနေပေမယ့် တားမြစ်တာမရှိဘူးလို့ ဆိုပါတယ်။

သံပိုက်စျေးတွေက တချောင်းလျင် ကျပ် ၃၀၀၀၀ မှ ကျပ် ၅၀၀၀၀ နီးပါးရှိနေတာကြောင့် သံတိုသံစစျေးအနေနဲ့ ရောင်းစားရင်တောင် စျေးကောင်းရနေကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် လုပ်ငန်းလုပ်သူတွေ ချန်ခဲ့တဲ့တဲတွေလည်း မီးရှို့ခံရလို့ ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးတာတွေလဲ ရှိနေတာပါ။

မေလ ၂၅ ရက်ကနေ ၃၁ ရက်နေ့အတွင်း တက်မရေနံမှော်ထဲရှိ လုပ်ကွက်အားလုံး ပိတ်သိမ်းပြီး ထွက်ခွာရမယ်လို့ စစ်ကောင်စီက အမိန့်ထုတ်လိုက်လို့ ရေနံတွင်းလုပ်ငန်းရှင်၊ ဈေးရောင်းစျေးဝယ်နဲ့ ရေနံတွင်းလုပ်သားတွေ အပါအဝင် မှော်အတွင်း လုပ်ကိုင်နေသူအားလုံး နေရပ်ပြန်ကြရလို့ လုပ်သားတွေနဲ့ ဒေသခံ တသိန်းကျော် အလုပ်လက်မဲ့ ဖြစ်ကြရတယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။