သူရဲသမိန်ရဲစခန်းရှေ့မှာ ရွာခံ ၂ ဦး သေနတ်ကျည်ထိမှန်သေဆုံး

0 27
0 27

■ ရဲတွေစခန်းအပြင်မထွက်ရဲဘဲ ဒဏ်ရာရသူကိုဆေးရုံမပို့လို့ ၁ ဦးသေဆုံးခြင်းဖြစ်

ဝေါ၊ ဇန်နဝါရီ ၁၆၊ ၂၀၂၆။

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာရဲစခန်းအရှေ့မှာ သေနတ်ကျည်ဆန်ထိမှန်တာကြောင့် ရွာခံအမျိုးသား ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇန်နဝါရီ ၁၅ ရက် ​ယမန်နေ့ မနက် ၁၁ နာရီခန့်မှာ သူရဲသမိန်ရဲစခန်းအရှေ့ ဆိုင်ကယ်ရပ်နားရာနေရာမှာရှိနေတဲ့ စက်စုကျေးရွာနေအမျိုးသား ၂ ဦး ကျည်ဆန်ထိမှန်ခဲ့တာလို့ ဆိုပါတယ်။

“လယ်ကိစ္စအမှုဖြစ်လို့ လာရှင်းကြတာ သူရဲသမိန်စခန်းကခေါ်လို့။ ရှင်းပြီးလို့ပြန်အထွက်မှာ ဟိုဘက်(စစ်တောင်းမြစ်တဖက်ကမ်း)က စနိုက်ပါနဲ့ပစ်တာ။ အဲ့နေရာမှာ ရဲလည်းမတ်တပ်ရပ်နေတာ။ ရဲကိုမထိဘဲ သူတို့ကိုသွားထိတာ။”လို့ ဖြစ်စဥ်ကိုသိရှိတဲ့ ကျေးရွာနဲ့နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

သေဆုံးသူ ၂ ဦးမှာ စက်စုကျေးရွာနေ အသက် ၆၄ နှစ် ဦးတိုးဝင်းနှင့် အသက် ၅၇ နှစ်ရှိ ဦးဖိုးဇော် တို့ဖြစ်ပြီး ဦးဖိုးဇော်ဟာ ရင်ဘတ်ကျည်ထိဒဏ်ရာနဲ့ နေရာမှာသေဆုံးသွားကာ ဦးတိုးဝင်းမှာ ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာနဲ့ ရဲစခန်းအရှေ့မှာလဲကျနေခဲ့ပြီး ဆေးရုံပို့ပေးမယ့်သူမရှိတာကြောင့် သွေးထွက်လွန်သေဆုံးခဲ့တာလို့ သိရပါတယ်။

” အမှန်က ၁ ယောက်က မ​သေသင့်ဘဲသေတာ။ သွေးထွက်လွန်သွားတာ။ ဆေးရုံမရောက်တရောက်မှာ သေတာ။ သူကညနေ ၄ နာရီလောက်ထိ လှုပ်လှုပ်ရှားရှားရှိသေးတယ်။ အဲဒီအချိန် ဘယ်သူမကောက်ရဲဘူး။ ထွက်လည်းမထွက်ရဲဘူး။ လမ်းမပေါ်မှာဆိုတော့ စခန်းတံခါးကနေထွက်မယ်ဆိုရင်လည်း အရှေ့ကိုလေးငါးလှမ်းလောက် လှမ်းရမယ်။ အဲဒါကိုမထွက်ရဲတော့ အဲအတိုင်းပစ်ထားလိုက်တာ။ ည ၇ နာရီလောက်မှ မီးပိတ်ပြီးကောက်တာ”လို့ သူက ဆက်ပြောပါတယ်။

သေဆုံးသူတွေဟာ စက်စုကျေးရွာမှာနေထိုင်သူတွေဖြစ်ပေမယ့် သူရဲသမိန်နဲ့ ဆင်ရွာဇာတိဖြစ်ပြီး ၂ ဦးစလုံးက တောင်သူလုပ်ငန်းလုပ်ကိုင်သူတွေဖြစ်တယ်လို့ သိရပါတယ်။

သူရဲသမိန်ရဲစခန်းအရှေ့မှာ စစ်တောင်းမြစ်သာရှိတာကြောင့် သေနတ်ကျည်ဆန်က မြစ်တဖက်ကမ်း ရွှေကျင်မြို့နယ်၊ ကွမ်းဆိပ်ရွာဘက်က ပစ်ခတ်တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

အခင်းဖြစ်ပြီးနောက် သူရဲသမိန်ရွာရဲ့ စက်လှေအဝင်၊အထွက်အားလုံးကို စစ်ကော်မရှင်ဘက်ကပိတ်လိုက်ပြီး ဇန်နဝါရီ ၂၅ ရက်နောက်ပိုင်းမှ ပြန်ဖွင့်ပေးမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၃ ရက်က ဝေါမြို့နယ်၊ စစ်တောင်းမြစ်ကမ်းဘေးကုန်းပေါ်ကြီးဂိတ်မှာ စစ်ဆေးရေးလုပ်နေတဲ့ ပျူစောထီးနဲ့ရဲအဖွဲ့ စနိုက်ပါနဲ့ပစ်ခတ်ခံရလို့ ပျူစောထီးခေါင်းဆောင်သေဆုံးတယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။