တက်မရေနံမှော် ပိတ်သိမ်းခံရလို့ အလုပ်သမားနဲ့ဒေသခံ ၁ သိန်းကျော် အလုပ်လက်မဲ့ဖြစ်

0 1
0 1

မန္တလေး၊ ဇွန် ၂၊ ၂၀၂၃။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဘီလေးကျေးရွာအုပ်စုနဲ့ တက်မကျေးရွာအုပ်စု အတွင်းရှိ တက်မရေနံမှော် ပိတ်သိမ်းခံရလို့ အလုပ်သမား ၁ သိန်းကျော် အလုပ်လက်မဲ့ဖြစ်သွားရတယ်လို့ သိရပါတယ်။

စစ်ကောင်စီက မေလ ၂၅ ရက်ကနေ မေလ ၃၁ ရက်နေ့အတွင်း တက်မရေနံမှော်ထဲရှိ လုပ်ကွက်အားလုံး ပိတ်သိမ်းပြီး ထွက်ခွာရမယ်လို့ အမိန့်ထုတ်လိုက်လို့ ရေနံတွင်းလုပ်ငန်းရှင်၊ ဈေးရောင်းစျေးဝယ်နဲ့ ရေနံတွင်းလုပ်သားတွေအပါအဝင် မှော်အတွင်းလုပ်ကိုင်နေသူအားလုံး နေရပ်ပြန်ကြရလို့ အလုပ်လက်မဲ့တွေ ဖြစ်ကုန်ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ခုလတ်တလောက ကိုယ့်ရပ်ရွာ ကိုယ်ပြန်ပြီး နေရတယ်။ ဒီဘက်ခြမ်းမှာ အလုပ်အကိုင်အခွင့်အလမ်းက ရှားပါးတယ်။ တနေကုန်လုပ်လို့ ၅၀၀၀ တောင် မရချင်ဘူး။ မှော်ထဲမှာက လုပ်သားတယောက်ကို တရက်ကို အနည်းဆုံး ၁၅၀၀၀ လောက်ရတယ်ဆိုတော့ မိသားစုအတွက်က အဆင်ပြေကြတယ်။ ခုက မှော်ထဲက အကုန်ပြန်ကြရတာဆိုတော့ အလုပ်လက်မဲ့တွေ ဖြစ်ကုန်တာများတယ်” လို့ ပြောပါတယ်။

မှော်ထဲက ရေနံတွင်းတတွင်းမှာ အနည်းဆုံးလုပ်သား ၃ ဦးမှ ၅ ဦးရှိပြီး တွင်းကြီးရင်ကြီးသလို လုပ်သားအရေအတွက် ပိုသုံးရတယ်လို့ ဆိုပါတယ်။

တက်မရေနံမှော်ထဲမှာ ရေနံတွင်းတနိုင်တပိုင်တူးသူ ၃၀၀ အထက်ရှိပြီး လုပ်ကွက်ကြီးတွေနဲ့ လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ၅ ခုထက်မနည်းရှိတာကြောင့် ရေနံတွင်းပေါင်း ၁၀၀၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။

ရေနံမှော် လုပ်ငန်းလုပ်သူတွေဟာ စစ်ကောင်စီဘက်ကို အခွန်ဆောင်သူနည်းလာတာနဲ့ ရေနံတွေ သယ်ဆောင်ရာမှာ PDF အဖွဲ့တွေကို အခွန်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တက်မရေနံမှော်ကို ပိတ်သိမ်းခိုင်းတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

“ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်မရှိဘဲ ပိတ်ခိုင်းတယ်။ ချက်ချင်းထွက်ရမယ်ဆိုတော့ ခုက ရေနံတွင်းတတွင်းကို အနည်းဆုံး သိန်း ၂၀၀ နဲ့အထက် ကုန်ကျထားရတာဆိုတော့ အကုန်ဆုံးရှုံးကုန်တယ်။ အဲတော့ ရေနံတွင်းပေါင်း အများကြီးဆိုတော့ လူတွေ ဘယ်လောက်ဆုံးရှုံးနစ်နာမလဲဆိုတာ တွေးကြည့်လို့ရတယ်။ လုပ်ငန်းလုပ်သူတွေ နစ်နာသလို ရေနံတွင်းတွေကို မှီခိုပြီး နေနေရတဲ့ အခြားဆက်စပ်လုပ်ငန်းနဲ့ လုပ်သားတွေ၊ မှီခိုသူမိသားစုတွေ အကုန်ဒုက္ခရောက်ရတယ်”လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။

တက်မရေနံမှော်ထဲမှာ လုပ်ကိုင်နေကြသူ လုပ်ငန်းရှင်တွေနဲ့ လုပ်သားအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းဟာ ညောင်းဦးနယ်ဒေသခံတွေဖြစ်ပြီး ကျန် ၂၀ ရာခိုင်နှုန်းဟာ အခြားဒေသက လာသူတွေဖြစ်ပါတယ်။

၁၉၈၀ ဝန်းကျင် လောက်ကတည်းက တက်မရေနံမြေမှာ ရေနံတူးဖော်ထုတ်လုပ်ခြင်းကို မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းက စတင်လုပ်ကိုင်ခဲ့ပြီး ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ စစ်အုပ်စုနဲ့ နီးစပ်တဲ့ ရွှေသိန်းသန်းကမ္ဘာဆိုတဲ့ ပုဂ္ဂလိက ကုမ္မဏီတခုက မြေဧကထောင်နှင့်ချီကာ လုပ်ကိုင်ခွင့်လျှောက်ထားပြီး ရေနံတူးဖော် လုပ်ကိုင်ခဲ့ပါတယ်။

၂၀၂၀ ခုနှစ်မတိုင်ခင် NLD အစိုးရလက်ထက်မှာ တနိုင်တပိုင် တူးနိုင်တဲ့လုပ်ကွက်ပေါင်း ၉၀ ကျော်နဲ့ ခွင့်ပြုပေးခဲ့ရာမှ စတင်ပြီး ရေနံတူးလုပ်ကိုင်သူတွေ နောက်ပိုင်းမှာ ပိုများလာတယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။