myaelatt athan

Sharing Information to the Local

အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ဒေါ်လာ ၁ သန်းသုံးစွဲဖို့လျာထားပြီး ခုခံစစ်ကလွဲရင် ထိုးစစ်ရပ်ထားမယ်လို့ NUG ဆို

0
0

မြေလတ်အသံ၊ မတ် ၃၀၊ ၂၀၂၅။

ငလျင်ဘေးဒဏ်သင့်နေရာတွေမှာ အရေးပေါ်ကယ်ဆယ်ရေးနဲ့လုပ်ငန်းတွေအတွက် ဒေါ်လာ ၁ သန်းသုံးစွဲဖို့လျာထားပြီး ခုခံကာကွယ်စစ်ကလွဲရင် ထိုးစစ်ရပ်ထားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ -NUG က မတ် ၂၉ ရက်မှာ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်ကူညီရေးအစီအစဉ် ကြေညာချက်ထုတ်ပြန်ပါတယ်။

အရေးပေါ်ကယ်ဆယ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ ကနဦး အမေရိကန်ဒေါ်လာ ၁ သန်းလျာထားသုံးစွဲမှာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေ၊ မဟာမိတ်အဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းကာ “ပြည်သူမှ ပြည်သူသို့ အစီအမံ”နဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်သွားမယ်လို့ NUG က ဆိုထားပါတယ်။

လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့အတွက် ငလျင်ဒဏ်သင့်ဒေသတွေနဲ့ ဆက်စပ်ခရိုင်တွေမှာ ခုခံကာကွယ်စစ်ကလွဲပြီး ထိုးစစ်အားလုံး ရက်သတ္တ ၂ ပတ်ကြာ ဧပြီ ၁၂ ရက်အထိ ရပ်ဆိုင်းထားမယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ငလျင်ဒဏ်သင့်မြို့ကြီးတွေမှာ လုံခြုံရေးအာမခံချက်ရှိရင် CDM ကျွမ်းကျင်ဝန်ထမ်းတွေအနေနဲ့ နိုင်ငံတကာကူညီရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

NUG ထိန်းချုပ်နယ်မြေတွေမှာ ကုလသမဂ္ဂကူညီကယ်ဆယ်ရေးအဖွဲ့တွေ၊ နိုင်ငံတကာအဖွဲ့ အစည်းတွေ၊ INGOs တွေအနေနဲ့ အရေးပေါ်ကယ်ဆယ်ရေးနဲ့ကုသရေးလုပ်ငန်းတွေ အမြန်ဆုံးဆောင်ရွက်နိုင်ဖို့ဖိတ်ခေါ်ထားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နိုင်ဖို့အတွက် လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ ယာယီကယ်ဆယ်ကုသရေးစခန်းတွေ ဖွင့်လှစ်ရေးကို တာဝန်ယူပူးပေါင်းဆောင်ရွက်မယ်လို့လည်း ဖော်ပြပါတယ်။

မတ် ၂၈ ရက် မြန်မာစံတော်ချိန်မွန်းလွဲ ၁ နာရီခန့်မှာ စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အား ၇.၇ အလွန်အင်အားပြင်းငလျင်( Major Earthquake) နဲ့ နောက်ဆက်တွဲငလျင်ငယ်တွေ လှုပ်ခတ်မှုကြောင့် စစ်ကိုင်း၊ မန္တလေးအပါ ဒေသ ၆ ခုမှာ နေအိမ်အဆောက်အဦ၊ လမ်းတံတားတွေနဲ့ သာသနိကအဆောက်အအုံ ထောင်နဲ့ချီပြိုကျပျက်စီးခဲ့တာကြောင့် လူ ၁,၀၀၀ ကျော် သေဆုံးမှုရှိထားတာလည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။